မင်းတပ်မြို့သို့ ဈေးဝယ်လာသော လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ကိုခင်မောင်

(မဇ္စျိမ)။ ။ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ချိုင်ရွာမှ လူငယ်သုံးဦးကို စစ်ကောင်စီတပ်က မတ်လ ၂၁ ရက် ယနေ့နံနက်ပိုင်းကဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ချိုင်ရွာမှ မင်းတပ်မြို့သို့ ဈေးဝယ်ရန်ဆိုင်ကယ်ဖြင့်ထွက်လာသော လူငယ်သုံးဦး ၅ မိုင် အနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့၏ဖုန်းများကိုစစ်ဆေးစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္စျိမ အားပြောသည်။

“ ၅ မိုင်နားက မြို့ဧရိယာထဲမှာ စစ်ဆေးဖမ်းဆီးသွားတာပါ။ စစ်ကြောင်းမဟုတ်ဘဲ လှည့်ကင်းသဘောမျိုး ရှိနေတဲ့ စစ်ကောင်စီတပ်တွေကဖမ်းတာ။ အခု ညနေ ၄ နာရီအထိ ပြန်မလွှတ်သေးဘူး”ဟု မင်းတပ် ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်ကဖမ်းဆီးသွားသော အသက် ၂၀ ကျော်အရွယ် အမျိုးသားသုံးဦးကို မင်းတပ်မြို့အခြေ စိုက် ခလရ(၂၇၄)သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ချိုင်ရွာသည် မင်းတပ်မြို့နှင့် ၂၅ ခန့်ကွာဝေးပြီး ဒေသခံများမှာ မြို့ပေါ်သို့လာရောက်၍ စားနပ်ရိက္ခာဝယ် ယူကြကြောင်း ဒေသခံက မဇ္စျိမအားဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း မင်းတပ်မြို့၊ အနောက်ရပ်ကွက်တွင် စစ်ကောင်စီ တပ်က အမျိုးသမီးနှစ်ဦးကိုကြိုးဖြင့်တုတ်ကာ ခလရ(၂၇၄) သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ခလရ(၂၇၄)မှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာများသို့ဝင်ထွက်နေကြသည့်အပြင် လက်နက်ကြီး ဖြင့်ရမ်းသန်းပစ်ခတ်ခြင်းများ၊ ပြည်သူများကိုဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် သက်ဆိုင် ရာ ကာကွယ်ရေးအဖွဲ့များ၏ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် CDF-Mindat သတင်းပြန်ကြား ရေးနှင့်မှတ်တမ်းဌာနက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သတိပေးထားသည်။

မတ်လ၂၀ ရက် ယမန်နေ့က မင်းတပ်အခြေစိုက် ခလရ(၂၇၄)သို့ စစ်ကောင်စီက ထောက်ပို့ရဟတ်ယာဥ် ဖြင့် လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် ရိက္ခာများ လာရောက်ပို့ဆောင်သွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ