လိုင်ဇာအနီးရှိ နာဖော့စစ်တပ်စခန်း အပါအဝင် စခန်း ၆ ခုကို KIA နှင့် မဟာမိတ်တပ်များ သိမ်းပိုက်

အဂမ်

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့နှင့် ပါဂျောင်ဘွမ့် (Pajau Bum)ကျေးရွာ ကြားမှာရှိသည့် နာဖော့စစ်တပ်စခန်း အပါအဝင် တပ်စခန်း ခြောက်ခုကို KIA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၁ ရက်နေ့တွင် အပြီးသတ် သိမ်း ပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က နှစ်ခုက မဇ္ဈိမကို အတည်ပြု ပြောသည်။

စစ်ရေးအရ အရေးပါသော ထိုစစ်ကောင်စီတပ်စခန်း ခြောက်ခုကို KIA ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ပို့စ်အကြီး အသေးအားလုံးပေါင်းရင် ခြောက်ခုလောက်ရှိတယ်။ နဖော့ကုန်းရဲ့ လုံခြုံရေးစခန်းငယ်တွေ ဟုတ်တယ်။ အရေးကြီးတဲ့ စခန်းကုန်းတွေ ဟုတ်တယ်။ နာဖော့ပါဂျောင် ဗျူဟာကုန်းနဲ့ အူဂရှန် (U Gashan) စခန်း နှစ်ခုပဲကျန်နေတာ။ အဲဒီစခန်း နှစ်ခုကိုလည်း မနေ့က အပြီးသိမ်းလိုက်ပါပြီ” ဟု KIA ရှေ့ တန်းသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်စခန်းခြောက်ခုမှာ အူလောကောင်စခန်း၊ နာဖော့စခန်း၊ ပွိုင့် ၆၆၇ စခန်း၊ ရင်ဆိုင်ကုန်းစခန်း၊ အူဂါရှန်စခန်းနှင့် လီဆူပါဂျောင်စခန်းတို့ဖြစ်သည်။

တပ်စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသောကြောင့် စခန်းအားလုံးကို နယ်မြေရှင်း လင်းရေးလုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ရှေ့တန်းသတင်းရင်းမြစ် နောက်တဦးကလည်း အတည်ပြုသည်။

“ဘယ်လောက်အထိ သိမ်းထားတယ်လို့ အသေးစိတ်မသိရသေးပေမယ့် ကြားတာက ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံပစ်ခတ်နေသေးတယ်လို့တော့ သိထားတယ်။ ဒါကြောင့် ပစ်ခတ်မှုတွေရှိနေသေးတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာမြို့အထက်ရှိ နာဖော့ ပါဂျောင်ဘွမ့် အနီးတဝိုက်ကို မတ်လ ၁၇ ရက်နေ့မှာ KIA က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၈ ရက်နေ့မှာ လီဆူပါဂျော်ဘွမ်တပ်စခန်းက စစ်ကောင်စီတပ်များ ထွက်ပြေးသွား၍ တိုက်ပွဲမပြင်းထန်ဘဲ ယင်းစခန်းကို သိမ်းပိုက်ရရှိခဲ့သည်။

ယင်းနောက် KIA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ကျန်ရှိသည့် ရင်ဆိုင်ကုန်း၊ ပွိုင့် ၆၆၇၊ အူဂရှန်၊ အူလော့ကုန်းနှင့် နာဖော့ဗျူဟာကုန်း စသည့် စခန်းများကို ငါးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစစ်တပ်စခန်းများသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း လာရောက်တပ်ချထားသည့် တပ်စခန်းများဖြစ်ကာ တပ်စခန်းများရှိ စစ်အင်အားက စုစုပေါင်း ၃၀၀ နီးပါးရှိကြောင်း KIA သတင်းရင်းမြစ်များက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စတင်ခဲ့သော KIA ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်း ၃၀ ကျော်ကို KIA က သိမ်းပိုက်ထားပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်