မြောက်ဥက္ကလာမြို့နယ်အတွက် စစ်မှုထမ်းရန် ၃၀၀ဦး ပေးရမည်ဆို၍ အုပ်ချုပ်ရေးမှူးများ အခက်တွေ့

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်က အုပ်ချုပ်‌ရေးမှူးများအားလုံးကို စစ်ကောင်စီကခေါ်ယူတွေ့ဆုံပြီး စစ်မှုထမ်းရန်အတွက် ခွဲတမ်း ၃၀၀ ဦး ပေးရမည်ဆို၍ အုပ်ချုပ်ရေးမှူးများ အခက်တွေ့နေကြောင်း ကြားသိရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ရက်နေ့က မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူသည့် အစည်းအဝေး၌ ပထမအသုတ် စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူရန် ညွှန်ကြားခဲ့ပြီးနောက်ဒုတိယအကြိမ်ထပ်မံခေါ်ယူကာ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

‘’ပထမ တခါခေါ်ယူတုန်း ပထမအသုတ်အနေနဲ့ စစ်မှုထမ်းဖို့အတွက်အသက် ၂၄နှစ်ကနေ ၃၅နှစ် ကြားရှိသူတွေရဲ့ နာမည်စာရင်းတွေကို ဦးစားပေး ကောက်ခံတာတွေရှိတယ်။ ပြီးတော့ ရပ်ကွက်အပိုင်အလိုက် နှစ်ဦးကိုမဲနှိုက်ပြီး စာရင်းပေးရတယ်။ အဲဒါ မြောက်ဥက္ကလာတမြို့နယ်လုံး အယောက် ၆၀ကျော်ပဲရတယ်။ သတ်မှတ်အရေအတွက်မပြည့်ဘူးပေါ့။ ဒီတော့ဒီတခါမှာ အသက်ကို ၂၄နှစ် မသတ်မှတ်တော့ဘဲ အသက် ၁၈ ကနေ ၃၅ နှစ်အထိ ပြန်ကောက်ခိုင်းတယ်။’’ဟု အုပ်ချုပ်‌ရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးထံက သိရသည်။

လက်ရှိ စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းရှိသူများကို ဦးစားပေးကောက်ခံနေပြီး နောက်ပိုင်း ဧည့်စာရင်းနှင့်နေထိုင်သူများစာရင်းကို ဆက်လက်ကောက်ခံသွားမှာဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)