သူဌေးကျွန်းဟိုတယ် အပိတ်ခံရပြီးနောက် လူ ၂,၀၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်

မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ကျွန်းဟိုတယ်အပိတ်ခံရပြီးနောက် ကော့သောင်းမြို့တွင် လူ ၂,၀၀၀နီးပါး အလုပ်လက်မဲ့ဖြစ်သွားရသည်ဟု သိရသည်။

ကော့သောင်းမြို့ရှိ သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ဦးကျော်လွင်ကို ကော့သောင်းခရိုင်တရားရုံးက အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ဖမ်းဝရမ်းထုတ်လိုက်ပြီး ၎င်းပိုင်သူဌေးကျွန်းဟိုတယ် အပိတ်ခံရခြင်းဖြစ်သည်။

‘’သူဌေးကျွန်းဟိုတယ်ပိတ်ခံရတော့ ကော့သောင်းမြို့က မြို့ပျက်ကြီးတခုလိုဖြစ်သွားတယ်။ အဲဒီမှာ ဝန်ထမ်းပေါင်းက အောက်ခြေအဆင့် အပင်စိုက်သူ၊ ကာစီနို၊ လုံခြုံရေးဝန်ထမ်းအင်အား၂,၀၀၀နီးပါးရှိတာ။ ပြီးတော့ကော့သောင်းမှာရှိတဲ့ ဈေးဆိုင်တွေဆိုတာကလည်း သူဌေးကျွန်းမှာရှိတဲ့ဝန်ထမ်းတွေကို မှီခိုပြီးလုပ်ကိုင်နေကြတယ်လေ။ ဥပမာ ဖုန်းလပေးအရစ်ကျဝယ်တယ်။ ဆိုင်ကယ်အရစ်ကျဝယ်တယ်။ အခုကျတော့သူတို့လည်း အလုပ်မရှိတော့မပေးနိုင်။ ဆိုင်ရှင်တွေလည်း ဒုက္ခရောက်ကုန်ကြတာပေါ့’’ဟု ကော့သောင်းဒေသခံတဦးက ဆိုသည်။

သူဌေးကျွန်းဟိုတယ်အတွင်း အလုပ်လုပ်ကိုင်နေသည့် ဝန်ထမ်းများမှာအောက်ခြေအနိမ့်ဆုံး ဘတ် ၆,၀၀၀ကျော်မှ အမြင့်ဆုံးလစာ ဘတ်၂၀,၀၀၀အထိ ရရှိနေကြသည်ဟုလည်းသိရသည်။

‘’ကော့သောင်းမှာက လူမရှိသလောက်ဘဲ၊ သူဌေးတွေလည်းမရှိတော့ဘူး မနေတော့ဘူး၊ ထိုင်းမှာသွားနေကြပြီဗျ၊ ဘာလို့လည်းဆိုတော့ အခုဖမ်းဝရမ်းထုတ်ထားတဲ့ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင်ရဲ့ညီ ဦးနောင်ပိန် ဆိုရင် ကော့သောင်းမြို့ရဲ့ မြို့မျက်နှာဖုံးဖြစ်တယ်။ စစ်တပ်အာဏာသိမ်းပိုက်ပြီးနောက် မြို့ထဲမှာ ဘန်ကာတွေဆောက်ဖို့ဆိုပြီး သိန်းတသောင်းကျော်လောက် အကုန်ကျခံပြီး ဆောက်ပေးတယ်။ လှူပေးတယ်၊ ဒီလိုလူတောင် စစ်ကောင်စီရဲ့ဖမ်းဆီးတာခံရပြီး စစ်ကြောရေးမှာ အသတ်ခံလိုက်ရတော့ ဘယ်သူဌေး လုပ်ငန်းရှင်မှ ကော့သောင်းမှာ မနေရဲကြတော့ဘူး” ဟုလည်း ကော့သောင်းဒေသခံများက ဆိုသည်။

အပိတ်ခံလိုက်ရသည့် သူဌေးကျွန်းဟိုတယ်ကို မှီလိုလုပ်ကိုင်နေသည့်ဝန်ထမ်းပေါင်း ၂,၀၀၀နီးပါးရှိနေပြီး ယခုအခါ အဆိုပါဝန်ထမ်းများသည် ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင်နေကြသည်ဟုလည်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)