အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး ရာထူးဖယ်ရှားခံရဟု သတင်းထွက်ပေါ်

ပုံအညွှန်း- အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး

ပုံအညွှန်း- အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး

ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ အမ်းမြို့အ​ခြေစိုက် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား စစ်ကောင်စီက ရာထူးမှဖယ်ရှားပြီး အရန်အင်အားသို့​ပြောင်းရွှေ့အရေးယူလိုက်ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းရင်းမြစ်များထံမှ သိရသည်။

ဗိုလ်ချုပ်ထင်လတ်ဦးအား မတ်လ ၁၉ ရက်တွင် ရာထူးမှဖယ်ရှားကာ အရန်အင်အားသို့​ပြောင်း​ရွှေ့ခဲ့ခြင်းဟု တပ်တွင်းသတင်းရင်းမြစ်တဦးကပြောသည်။

၎င်းက “သူ့ကို ​​တပ်မှာမသုံး​တော့ဘူး​ပေါ့။အရန်အင်အားကို​ပြောင်းခံရတာ။ တရားဝင်​ထုတ်ပြန်တာမရှိဘူး။ အတွင်းသတင်းအရသိရတာ” ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြို့ကြီးများလက်လွတ်ဆုံးရှုံးနေရသလို လွန်ခဲ့သည့် ဖေ​ဖော်ဝါရီလကစစ်​ကောင်စီရဟတ်ယာဉ်ပစ်ချခံရသည့်သတင်းကို ထိန်ချန်ထားမှု​တို့ကြောင့် အ​ရေးယူခြင်းဟုယူဆရ​ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်မတ်လ၃ရက်နေ့က စစ်ကောင်စီ၏ ပျက်ကျနေသော အစိမ်းရောင်ရဟတ်ယာဉ်အား AA တပ်ဖွဲ့ဝင်များက စစ်ဆေးနေသည့် မှတ်တမ်းဓါတ်ပုံများကို ညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ခဲ့ဖူးသည်။ Mi17 ရဟတ်ယာဉ်ဟု ယူဆရသည့် ရဟတ်ယာဉ်ပျက်ကို နောက်ခံထား၍ AA တပ်ဖွဲ့ဝင်များက စိစစ်နေပုံများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် အဆိုပါ ရဟတ်ယာဉ်ပျက်ကျသည်(သို့မဟုတ်) ပစ်ချသည်ဆိုသော အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် CDM ဗိုလ်ကြီး ဇင်ယော်က” တိုင်းမှူးတော့ မနေ့တည်းက ပြုတ်သွားပါပြီ။အရန်အင်အားဆိုတော့ ကစထမှူးတွေ ဘာတွေ ထလုပ်အုံးမလားတော့ မပြောတတ်သေးပါ” ဟု မတ်လ ၂၀ရက်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် ရေးသား‌ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၌ AA၏ ထိုးစစ်မစတင်မီ ၂၀၂၂ခုနှစ် မေလ ၆ရက်က ဗိုလ်ချုပ်ထင်လတ်ဦးကိုAAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာအကောင့်( ယခု X လူမှုကွန်ရက်)မှတဆင့်သတိပေးခဲ့ဖူးသည်။

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်ချမ်းရေး ဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရေးသားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ထင်လတ်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ်(၃၅)ကျောင်းဆင်းဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဥ် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်၌ သုံးနှစ်‌ကျော်ကြာပြီးနောက် ၎င်းအား အရန်အင်အားသို့ပြောင်းရွှေ့လိုက်ခြင်းဟု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်း၏ လက်ထက်တွင် ရခိုင်ပြည်နယ်မှ စစ်ကောင်စီစခန်းအများအပြားကို AAက တိုက်ခိုက်သိမ်းယူခဲ့သည်။

ယခုအခါ ဗိုလ်ချုပ်ထင်လတ်ဦး​နေရာတွင် ​ခြေမြန်တပ်မဌာနချုပ် တပ်မ(၇၇ ​)တပ်မမှူးဗိုလ်မှူးချုပ်ကျော်ကျော်ဟန်အား စစ်ကောင်စီက အစားထိုးမည်ဟုသတင်းများထွက်​ပေါ်​နေ​ကြောင်းတပ်တွင်းနီးစပ်သူများက​ဆိုသည်။

ဗိုလ်ချုပ်ထင်လတ်ဦးအရန်အင်အားသို့​ပြောင်း​ရွှေ့အ​ရေးယူခံရကြောင်း ထွက်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ယ‌နေ့ မတ်လ ၂၂ရက် နေ့လယ်တွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ရက္ခိုင့်တပ်​တော်(AA)သည် ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှ စတင်ခဲ့သည့်စစ်ဆင်ရေးအတွင်း
ရခိုင်ပြည်နယ်ရှိမြို့ကိုးမြို့ကိုသိမ်းပိုက်ထိန်း ချုပ်ထားသည်။ ရခိုင်စစ်မျက်နှာ၌ အကျအဆုံးများနေသည့် အခြေအနေကြောင့် ယခုကဲ့သို့ ရာထူးအ​​ပြောင်းအ​ရွှေ့ပြုလုပ်ခြင်းဖြစ်​ကြောင်း တပ်တွင်းနီးစပ်သူများကဆိုသည်။ လက်ရှိ ရခိုင်ပြည်နယ်​တွင် ဘူးသီး​တောင်နှင့်မောင်​တောမြို့တို့တွင်နှစ်ဘက်ထိ​တွေ့တိုက်ပွဲများပြင်းထန်​နေပြီးစစ်​ရေးတင်းမာ​​နေဆဲဖြစ်သည်။

ဗိုလ်ချုပ်ထင်လတ်ဦးအရန်အင်အားသို့​ပြောင်း​ရွှေ့အ​ရေးယူခံရကြောင်းသတင်းထွက်ပေါ်နေသလို ကချင်ပြည်နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးပြင်းထန်နေချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်ကို တာဝန်မှအနားပေးပြီး ၎င်း၏နေရာတွင် ဒုတိုင်းမှူးတဦးကို ရာထူးတိုးကာ အစားထိုးရန်ရှိကြောင်း စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း – အေးချမ်း