မြဝတီ-ရန်ကုန် တောလမ်းခရီးများ ပိတ်မည်ဟုသော ကောလာဟလကြောင့် ယာဥ်စီးခ မြင့်တက်

ယနေ့ မြဝတီ- ထို့ကော်ကိုးလမ်းအခြေအနေ (ဓါတ်ပုံ- Saw Tin Htut Facebook)

YT

(မဇ္ဈိမ)။ ။ မြဝတီ- ရန်ကုန်သို့ သွားလာနိုင်သည့် တောလမ်းများ မတ်လ ၂၅ ရက်နေ့မှစ၍ ပိတ်မည်ဆိုသည့် ကောလာဟလကြောင့် မြဝတီ- ရန်ကုန် ယာဥ်စီးခ မြင့်တက်လာကြောင်း ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများထံက သိရသည်။

ယနေ့ မတ်လ ၂၂ ရက်တွင် မြဝတီ- ရန်ကုန် ခရီးသွားနှုန်းထားများမှာ အိမ်စီးကားအသေးဖြင့် တဦးလျှင် ၂၅၀,၀၀၀ ကျပ်၊ အံဇာတုံးကားဖြင့် တဦးလျှင် ၆၅,၀၀၀မှ ၁၀၀,၀၀၀ ကျပ် အထိ ပေါက်ဈေးရှိနေကြောင်း ခရီးသွားလုပ်ငန်းများနှင့် ယာဉ်မောင်းများထံက သိရသည်။

ယခင်က မည်သည့်ကားဖြင့်မဆို ခရီးသည်တဦးလျှင် ကျပ် ၆၀,၀၀၀ သာ ပေါက်စျေးရှိကြောင်း သိရသည်။

တောလမ်းခရီးများ ပိတ်မည်ဆိုသော သတင်းသည် ယမန်နေ့ မတ်လ ၂၁ ရက်​နေ့မှစကာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံံ့နှံ့နေသော်လည်း ၎င်းတို့အနေဖြင့် လမ်းပိတ်မည်မဟုတ်ကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA- PC) မှ တာဝန်ရှိသူတဦးက ပြောသည်။

” ဘာမှမဟုတ်ဘူး လုံးဝမပိတ်ဘူး။ အမျိုးမျိုးပေါ့ဗျာ တချို့ကျ ဖျက်လိုဖျက်ဆီး ပြောချင်တဲ့သူက သတင်းအမှားတွေနဲ့ ကောလာဟလ လွှင့်ကြတယ်။ တကယ်တော့ ဘာမှမဟုတ်ဘူး။ ထို့ကော်ကိုးလမ်းက သွားလာဖို့ အဆင်ပြေအောင် အချိန်မရွေး ၂၄ နာရီ ဖွင့်ပေးထားတယ်။ ဒါပေမဲ့ကိုယ့်ရဲ့အထက်မှာတော့ တခြား BGF တို့ KNU တို့ တခြားအဖွဲ့အစည်းတွေ ရှိတယ်လေ။ သူတို့ ပိတ်တယ် မပိတ်ဘူးတော့ ပြောမတတ်ဘူး၊ ကိုယ်တွေ KNU/KNLA- PC နဲ့ ပတ်သက်တဲ့ လမ်းကတော့ ဖွင့်ပေးထားတယ်” ဟု KNU/KNLA- PC မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ရန်ကုန်မြို့မှ မြ၀တီမြို့သို့ မြဝတီ- ထို့ကော်ကိုး- ဘားအံလမ်းနှင့် ကြက်ဥတောင်- သေ့ကတေ- ဘားအံလမ်း တို့ကို အသုံးပြုကာ အဓိက သွားလာကြပြီး ယင်းလမ်းများကို KNU/KNLA- PC ၊ BGF နှင့် KNU တို့က အဓိက ထိန်းချုပ်ထားသည်။

” အခုက လမ်းပိတ်မယ် ဘာမယ်နဲ့ ခရီးသွားတဲ့သူ တော်တော်များလာတယ်။ ဈေးတွေကလည်း မငြိမ်ဘူးဖြစ်နေတယ်ဗျ။ ထို့ကော်ကိုးလမ်းမှာရော ကြက်ဥတောင်ဘက်မှာရော ကားတွေပြည့်နေရော” ဟု မြဝတီ- ရန်ကုန် ခရီးသွားယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

KNU နှင့် BGF တို့ ထိန်းချုပ်ရာ နယ််မြေအတွင်းရှိ ရန်ကုန်-မြဝတီသွား တောလမ်းများကို ပိတ်ရန် အစီအစဥ်ရှိမရှိကို မဇ္ဈိမက သက်ဆိုင်ရာ အဖွဲ့များသို့ ဖုန်းဖြင့် ဆက်သွယ်နေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးပေ။

” မြဝတီကနေ ရန်ကုန်ပြန်ဖို့ပါ သွားရမှာလား မသွားရဘူးလား တော်တော်လေးကို စဉ်းစားနေရတုန်းပဲ။ ခရီးစရိတ်ပဲ မဟုတ်သေးဘူး ကပြား မှတ်ပုံတင်ဆိုတော့ လမ်းမှာ ပေးရကမ်းရသေးတာက ရှိသေးတယ်” ဟု ခရီးသွားအမျိုးသမီးတဦးက ပြောသည်။

တောလမ်းများ ပိတ်မည်ဟူသည့် ကောလာဟလသည် ယာဉ်စီးခ၊ ကုန်တင်ခများ မြှင့်လို၍ ပြုလုပ်ကြခြင်းသာဖြစ်ကြောင်း KNU/KNLA- PC မှ တာဝန်ရှိသူက ဆိုသည်။

” လုပ်စားတဲ့ ကုန်သည်တွေ လုပ်စားတဲ့ ပွဲစားတွေကတော့ ရှိမှာပေါ့။ တချို့ကျတော့ အမျိုးမျိုးရှိတယ် ကားခ တက်ချင်လို့ လုပ်တာမျိုးရှိတယ်။ တချို့ကျတော့ ကုန်သည်တွေက ဈေးနှုန်းတက်အောင်လို့ လုပ်တာမျိုးတော့ ရှိကြမှာပေါ့။ ဒါက အကြံကြီးတယ် အကြံတခုခုနဲ့ သူတို့လုပ်လိုက်တာကြီး။ အဲ့ဒီလိုသတင်းတခု ထွက်ပြီဆိုတာနဲ့ ကားခတွေဘာတွေရော အကုန်ဈေးကြီးသွားပြီ” ဟု အဆိုပါ KNU/KNLA- PC မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

မြဝတီသို့ သွားလာနိုင်သည့် လမ်းများအနက် အာရှလမ်းပိုင်းတလျှောက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အဆိုပါလမ်းကို အသုံးပြုမှု ရပ်ဆိုင်းခဲ့ကြပြီး တောလမ်းခရီးများကို အဓိက အသုံးပြုနေကြကြောင်း သိရသည်။

စာတည်း။ ။အောင််ကျော်ဖြိုး