ကော့ကရိတ်မြို့ နဘူးလမ်းအနီး ရင်ကွဲတောင်စခန်းကို KNLA တိုက်ခိုက်နေရာ ဒေသခံများတိမ်းရှောင်

ပုံအညွှန်း- ရင်ကွဲတောင် စစ်ကောင်စီစခန်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် တိမ်းရှောင်နေသည့် ပြည်သူများ (ဓါတ်ပုံ- ဒေါနခရီးသွားဧည့်သည်)

ပုံအညွှန်း- ရင်ကွဲတောင် စစ်ကောင်စီစခန်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် တိမ်းရှောင်နေသည့် ပြည်သူများ (ဓါတ်ပုံ- ဒေါနခရီးသွားဧည့်သည်)

YT

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြပတိုင်ကျေးရွာ အနီးရှိ ရင်ကွဲတောင်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်တိုက်ခိုက်နေ၍ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

” ကော့ကရိတ်-နဘူး လမ်းက ၁၅ မိုင်ရှိတယ်။ ခုဖြစ်တာက အလယ်လောက်မှာပါ။ (၂၃၀)တပ် အနောက်ဘက်မှာရှိတယ်။ တိုက်ပွဲဖြစ်နေလို့အရပ်သားတွေ ရွာလုံးကျွတ် ရွှေ့နေကြတယ်။ ကော့ကရိတ်- နဘူး ကားလမ်းက ရင်ကွဲတောင် စကစ စခန်းနဲ့ မြပတိုင်မှာ တိုက်ပွဲဖြစ်နေပါတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ မတ်လ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်မှစ၍ ကော့ကရိတ်- တံတားကျိုး- နဘူးလမ်းအနီး၊ မြပတိုင်ရွာအနီးရှိ ရင်ကွဲတောင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရင်ကွဲတောင်စခန်းအပြင် မြပတိုင်ကျေးရွာအနီး၌ပါ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံထံက သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် မြပတိုင်၊ နောင်ထပံ၊ လန်းခိုဘိုင်း စသည့် ကျေးရွာများမှ ဒေသခံများသည် အနီးစပ်ဆုံးရှိ နဘူးတိုက်နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

” ချကုန်ကြပြီ ရင်ကွဲတောင်ဘက်။ အကုန်ပြေးနေကြပြီဟေ့ ရွာလုံးကျွတ်ပဲ” ဟု ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် ရင်ကွဲတောင်စခန်းနှင့် မြပတိုင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျုံဒိုးချောင်းဖျားလမ်းအား အသုံးပြုမှုရပ်ဆိုင်းထားပြီး မြဝတီ- ဘားအံ ကုန်သွယ်ရေးအတွက် ထီလုံလမ်းနှင့် ဒေါ်လမ်းကို အသုံးပြုနေကြကာ ထိုလမ်းများမှတဆင့် ထို့ကော်ကိုး- ဘားအံ အထိ ခရီးဆက်နေကြကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA- PC) မှ တာဝန်ရှိသူတဦးထံက သိရသည်။

ယခုမြပတိုင်နှင့် ရင်ကွဲတောင်၌ ဖြစ်ပွားနေဆဲ တိုက်ပွဲများ နဘူးနှင့် ကျုံဒိုးမြို့ဘက်သို့ ပျံ့နှံ့လာပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီ မေးမြန်းချက်အရ ရင်ကွဲတောင်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ယခုတိုက်ပွဲဖြစ်ပွားရာ ရင်ကွဲတောင်စခန်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသတ်မှတ်ချက်အရ KNU တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်၊ နဘူးမြို့နယ်အတွင်း ပါဝင်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)