မောင်တောရှိ ရန်အောင်ပြင် နယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်၊ ထိုးစစ်အရှိန် ထပ်မြှင့်နေကြောင်း AA ပြော

002

ရခိုင်ပြည်နယ် မောင်တောမြို့ ‌မြောက်ပိုင်းရှိ ရန်အောင်ပြင် နယ်ခြား‌ ‌စောင့်စခန်းအားသိမ်းပိုက်ပြီး ကြိမ်ချောင်းစခန်းနှင့် ဘူးသီးတောင်မြို့ ခမရ (၅၅၂) ကို သိမ်းပိုက်ရန် ထိုးစစ်အရှိန်မြှင့်နေကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

ရန်အောင်ပြင်စခန်းကို မတ်လ ၂၃ ရက်တွင် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်း ရမိခဲ့ကြောင်း AA က ဆိုသည်။

မောင်တောရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား သိမ်းပိုက်ရန် တလခန့်ကြာ ဝိုင်းရံပိတ်ဆို့ဖြတ် ‌တောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေချိန် ယင်းကြိမ်ချောင်းနယ်ခြားစောင့်စခန်း အနောက်ဘက်ရှိ ရန်အောင်ပြင်စခန်းကို ဦးစွာသိမ်းယူခဲ့ခြင်း ဖြစ်သည်။

ကြိမ်ချောင်းနယ်ခြားစောင့်စခန်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန်အတွက် ထိုးစစ်အား ယခုရက်များမှ စတင်ပြီး အရှိန်အဟုန်မြှင့်လျက်ရှိကြောင်း၊ ထိုးစစ်အရှိန်မြှင့်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာ တခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း AA က ဆိုသည်။

ထို့ပြင် မောင်တောမြို့၊ တမန်းသား စခန်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်‌နေပြီး စခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား လိုက်လံတိုက်ခိုက်ရာ အလောင်း ၂၀ ကျော်နှင့် လက်နက် ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဘူးသီးတောင်အ‌ခြေစိုက် ခမရ (၅၅၂) တပ်ရင်းကို ဖေဖော်ဝါရီလမှ စတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး စခန်းတခုလုံးသိမ်းပိုက်ရန် အရှိန်မြှင့်နေသည်ဟု AA က ထုတ်ပြန်သည်။

အလားတူ ဘူးသီးတောင်မြို့ ဂုပ္ပီစခန်းမှ ထွက်ပြေးလာ‌သော စစ်ကောင်စီ တပ်ဖွဲ့၀င်များနှင့် AA တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးသွားကြောင်း ဆိုသည်။

ထို့ပြင် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့ကာ ဆက်လက်ထွက်ပြေးနေသူများကို ဆက်လက်တိုက်ခိုက် နေကြောင်း AA က ထုတ်ပြန်သည်။

ရခိုင်တိုက်ပွဲ လေးလကျော်ကာလသို့ ရောက်ရှိလာချိန်တွင် AA က ချင်းပြည်နယ်၊ ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်ရှိ အဓိက မြို့ ကိုးမြို့ကို သိမ်းပိုက်ထားသည်။ ရခိုင်စစ်‌မြေပြင်တွင် စစ်ကောင်စီတပ်က ကြည်းရေလေ တပ်ပေါင်းစု များဖြင့် ခုခံနေသော်လည်း AA က တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်ခဲ့သည်။

စာတည်း။ ။ နောင်နောင်