စစ်တောင်းမြစ်အနောက်ခြမ်းရှိ PDF စစ်‌ကြောင်းများကို NUG ပြည်ထဲရေး၀န်ကြီး သွားရောက်တွေ့ဆုံ

မဇ္ဈိမ။ ။စစ်တောင်းမြစ်အနောက်ခြမ်းရှိ PDF စစ်‌ကြောင်းများကို ပြည်ထဲရေး၀န်ကြီး ဦးလွင်ကိုလတ် သွား ရောက်တွေ့ဆုံခဲ့သည်ဟု NUG အစိုးရလက်‌အောက်ခံ PVTV (Public voice Television) က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်တောင်းမြစ်အ‌နောက်ခြမ်းရှိ စစ်‌မြေပြင် စစ်‌ကြောင်းများနှင့်တွေ့ဆုံရာတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၏ အမှာစကားနှင့် လမ်းညွှန်မှုများကို စစ်ကြောင်းမှူးများနှင့် ရဲဘော်များ အားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က “ယခုလို စစ်ဆင်ရေး‌ဖော်ဆောင်နိုင်မှုတွေနဲ့ တိုးတက်မှုတွေဟာ မဟာမိတ် KNLA ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ မိမိတို့ PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည် ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနဲ့ မဟာမိတ်ဆက်ဆံရေးက အကြမ်းဖက်စစ်ကောင်စီ အပြီးသတ် ‌ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သလို ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး အတွက်လည်း အရေးကြီးကြောင်း၊ ဒါကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးဟာ တော်လှန်ရေးအောင်မြင်မှုနဲ့ တိုက်ရိုက်အချိုးကြတဲ့အတွက် တာဝန်ရှိခေါင်းဆောင်တွေကြားထဲမှာတင် မကဘဲ ကွပ်ကဲရေးမှူးများကြား၊ ရဲဘော်များအကြားမှာပါ အချင်းချင်း ယုံကြည်မှုတွေတိုးတက်နေအောင် ဆောင်ရွက်ကြဖို့လိုကြောင်း” ပြောကြားခဲ့သည်ဟု PVTV က ထုတ်ပြန်သည်။

ယင်းနောက် စစ်ဒေသတာဝန်ရှိသူများနှင့် ၂၀၂၃ ခုနှစ် စစ်ဆင်ရေးရည်မှန်ချက်များ အကောင်အထည် ဖော်မှုကိုသုံးသပ်ဆွေးနွေးခဲ့ပြီး ဒုစစ်ဒေသမှူး ရဲဘော်တင်ဦးအပါအဝင် စစ်ကြောင်းတာဝန်ရှိသူများနှင့် စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်နိုင်‌ရေးကိစ္စရပ်များ၊ NUG က ဖြည့်ဆည်းဆောင်ရွက်ရမည့် လိုအပ်ချက် များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထို့ပြင် ပြည်ထောင်စု၀န်ကြီးဦးလွင်ကိုလတ်နှင့်အဖွဲ့အား Royal peacock စစ်ကြောင်းမှူးများက လုံခြုံ ရေးနှင့် နယ်‌မြေစိုးမိုးရေး အ‌ခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်ဟု PVTV က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ