ကလေးမြို့က ရဲတပ်သား ၂ ဦး လက်နက်ခဲယမ်းများဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ ခိုလှုံ

ဝင်ရောက်ခိုလှုံလာသည့် ရဲတပ်သားနှင့် လက်နက်ခဲယမ်းများ/ဓါတ်ပုံ – CDF – KKG

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားနှစ်ဦး လက်နက်ခဲယမ်း များဖြင့်ခိုလှုံလာကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) CDF – KKG က မတ်လ ၂၄ ရက်နေ့ ယမန်နေ့က ထုတ်ပြန်ထားသည်။

ကလေးမြို့ ရဲတပ်ရင်း(၁၆)တွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားနှစ်ဦးသည် G3 နှစ်လက်၊ ကျည် ဘောက် ရှစ်ခု၊ ကျည်ဆန် ၄၇၀ တောင့်ဖြင့် မတ်လ ၂၄ ရက်နေ့တွင် ဝင်ရောက်ခိုလှုံလာခြင်းဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းများဖြင့်ဝင်ရောက်ခိုလှုံလာသည့် ရဲတပ်ဖွဲ့ဝင်များကို တဦးလျှင် ကျပ်သိန်း ၅၀ ဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သူတို့က ရဲတပ်သားလုပ်ချင်စိတ်မရှိတော့တဲ့အတွက် အခုလိုဝင်ရောက်လာကြတာလို့ပြောတယ်” ဟု CDF – KKG သတင်းပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော လက်နက်ကိုင်များအနေဖြင့် မြို့သိမ်း တိုက်ပွဲများမဖော်ဆောင်ခင် အချိန်မီအလင်းဝင်လာကြရန် သတင်းပြန်ကြားရေးတာဝန်ခံက တိုက်တွန်း ပြောဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း CDF – KKG ထံသို့ အလင်းဝင်လာသူ လေးဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း မတ်လ ၂၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦး လက်နက်ဖြင့် ဝင်ရောက်ခိုလှုံလာရာ ကျပ်သိန်း ၅၀ ဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်သို့ ပို့ဆောင်ပေးခဲ့ ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakha က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ