တရုတ် ဖိအားကြောင့် တောင်တရုတ်ပင်လယ် အချုပ်အခြာနှင့် ပတ်သက်ပြီး ထိုင်ဝမ် အကျပ်ရိုက်

တောင်တရုတ်ပင်လယ်ရှိ ထိုင်ပင်းကျွန်းဟု ထိုင်ဝမ်က ခေါ်ဝေါ်သော အီတူအဘာကျွန်းအား ဝေဟင်မှ မြင်တွေ့ရစဉ်။

VOA

အငြင်းပွား တောင်တရုတ်ပင်လယ်ရှိ ကျွန်းတကျွန်းဆီ သမ္မတဖြစ်သူ သွားရောက်နိုင်ခြေနှင့် ပတ်သက်ကာ ပြီးခဲ့သည့် သီတင်းပတ်၌ ထိုင်ဝမ်တွင် ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့သည်။

တရုတ်နှင့် ပို၍ ရင်းနှီးသော ဆက်ဆံရေးကို လိုလားသည့် အဓိက အတိုက်အခံ ကူမင်တန်ပါတီမှ အချို့သော လွှတ်တော်အမတ်များက မေလတွင် ရာထူးမှ ထွက်ခွာရန်ရှိသော သမ္မတ ဆိုင်အင်ဝမ်အား အငြင်းပွား စပရတ်တလေးကျွန်းစုရှိ အီတူအဘာကျွန်းဆီ သွားရောက်ရန်နှင့် ကျွန်းက ထိုင်ဝမ်၏ အချုပ်အခြာပိုင်ဖြစ်ကြောင်း ယတိပြတ် ပြသရန် တိုက်တွန်းကြသည်။

ထိုင်ဝမ်နှင့် တရုတ်တို့က ထိုင်ပင်းကျွန်းဟု ခေါ်သော ၄၆ ဟတ်တာ(၁၁၄ ဧက) ရှိ အဆိုပါ ကျွန်းငယ်ကို ထိုင်ဝမ်က ၁၉၅၆ တွင် ထိန်းချုပ်ခဲ့သည်။ ကျွန်း၏ အချုပ်အခြာပိုင်မှုကို တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကလည်း အတည်ပြုထားကြသည်။

ကျွန်းငယ်ပေါ်တွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်သား ၂၀၀၊ ဆေးရုံတရုံ၊ စိုက်ပျိုးမွေးမြူရေးခြံတခြံနှင့် စစ်တပ်တပ်ကူလုပ်ငန်းများ လွယ်ကူအဆင်ပြေရေးအတွက် ပြေးလမ်းတခုတို့ ရှိနေသည်။ ထိုင်ဝမ်အနေဖြင့် အကြီးစားသင်္ဘောများ ဆိပ်ခံတံတားသို့ ကမ်းကပ်နိုင်မည်ဖြစ်သော သောင်တူးခြင်း စီမံကိန်းတရပ်ကိုလည်း အပြီးသတ်ထားပြီး ဖြစ်သည်။

ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအရ သည်ဟိတ်တရားရုံးသည် အီတူအဘာမှာ ကျွန်းမဟုတ်ကြောင်းနှင့် ယင်းအတွက်ကြောင့် အချုပ်အခြာပိုင်ဟု ဆို၍ မရကြောင်း ၂၀၁၆ တွင် ဆုံးဖြတ်ခဲ့သည်။

“တောင်တရုတ်ပင်လယ် ခုံသမာဓိဆုံးဖြတ်ချက်က ထိုင်ပင်းကျွန်းကို သန္တာကျောက်တန်းအဖြစ် ၂၀၁၆ မှာ အဆင့်လျှော့ချလိုက်ချိန်ကစလို့ ဆိုင်အင်ဝမ်အစိုးရဟာ ဆုံးဖြတ်ချက်ကို မကန့်ကွက်ခဲ့ဘူး”ဟု ကူမင်တန်လွှတ်တော်အမတ် မာဝန်ချူးက သူမ၏ ဖေ့ဘုတ်ပေ့ချ်၌ ရေးသားသည်။

“အဲဒီအစား တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး အချုပ်အခြာပိုင်အဖြစ် အတည်ပြုတာတွေ မလုပ်ဖို့ ကူမင်တန်တွေကို သူမအစိုးရက တိုက်တွန်းနေတယ်၊ သမ္မတ ဆိုင်အနေနဲ့ ထိုင်ပင်းကျွန်းဆီ သွားသင့်ပြီး ကျွန်းဟာ ထိုင်ဝမ်ရဲ့ အချုပ်အခြာအဖြစ် ကြေညာသင့်တယ်”ဟု သူမက ပြောပြီး နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ကော်မတီများမှ လွှတ်တော်အမတ်များက ကျွန်းဆီ မေလအစောပိုင်းမှာ သွားရောက်ကြရန် စီစဉ်နေကြောင်း ဖြည့်စွက်ဆိုသည်။

သို့ရာတွင် သမ္မတအနေဖြင့် လက်ရှိအချိန်၌ အဆိုပါ ခရီးကိုမသွားသင့်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူများက အကြံပြုပြီး လက်ရှိ ဒေသတွင်း တင်းမာမှုများနှင့် ခရီးစဉ်အပေါ် နိုင်ငံတကာ၏ သဘောထားတို့ကို စဉ်းစားသုံးသပ်သင့်ကြောင်း ပြောဆိုကြသည်။

“နိုင်ငံတွေရဲ့ လေယာဉ်နဲ့ သင်္ဘောတွေဟာ ကူးလူးဖြတ်သန်းချိန်ဆို ဆိုင်ရာနိုင်ငံတွေရဲ့ စွက်ဖက်မှု ခံရတာပါပဲ၊ ဒါကြောင့် ကီလိုမီတာ ၁,၆၀၀ ပျံသန်းမှု ခရီးစဉ်အတွင်း သမ္မတ လေယာဉ်ရဲ့ ပျံသန်းမှု လုံခြုံဘေးကင်းရေးကို ထိန်းထားနိုင်မလားဆိုတာ အကဲဖြတ်ဖို့ လိုအပ်တယ်”ဟု ထိုင်ဝမ် အမျိုးသားလုံခြုံရေးဗျူရို ညွှန်ကြားရေးမှူးချုပ် ဆိုင်မင်ယန်က သတင်းထောက်များအား ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူကလည်း အီတူအဘာကျွန်းငယ်အပေါ် တိုင်ပေ၏ အချုပ်အခြာကို အစိုးရအနေဖြင့် ဆက်လက်ဆုပ်ကိုင်ထားသော်လည်း သမ္မတ ဆိုင်၏ ကျွန်းဆီ သွားရောက်မည့် ဖြစ်နိုင်သော ခရီးစဉ်ကို အခြားသော နိုင်ငံများက မည်သို့ ဝင်ရောက်စွက်ဖက်မည်ကို စဉ်းစားရန် လိုအပ်ကြောင်း ပြောသည်။

တေင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်ကြား လိပ်ခဲတည်းလည်း ဖြစ်နေသော အခြေအနေကို ထောက်ပြရင်း ဝူက ထိုင်ဝမ်အနေဖြင့် “တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားရမှာဖြစ်ပြီး အခက်အခဲများ ဖန်တီးဖြစ်အောင် စဉ်းစားခြင်းမျိုး ခွင့်မပြုသင့်ကြောင်း” ဆိုသည်။

သမ္မတ ဆိုင် အရင် သမ္မတ နှစ်ဦးစလုံးသည် အီတူအဘာကျွန်းဆီ သွားရောက်ခဲ့သော်လည်း ဆိုင်အနေဖြင့် ရာထူးထမ်းဆောင်ချိန်အတွင်း အလားတူ ခရီးစဉ် သွားရောက်ခြင်းမျိုး မရှိပေ။ အီတူအဘာကျွန်းပေါ်တွင် စစ်ထောက်ကူလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ထိုင်ဝမ်က ပြေးလမ်းတခု တည်ဆောက်ထားသော်လည်း တရုတ်တို့ ထိန်းချုပ်ထားသော အနီးနားရှိ ကျွန်းများနှင့် နှိုင်းယှဉ်လျှင် ကာကွယ်နိုင်စွမ်းအား အနည်းငယ်သာ ရှိသည်။

ထိုင်ဝမ်၌ တရုတ်က ခွဲထွက်ရေးဝါဒီအဖြစ် ရှုမြင်ထားသော ရွေးကောက်ခံ သမ္မတ လိုင်ချန်းတီက မေ ၂၀ ရက်၌ သမ္မတအဖြစ် ကျမ်းသစ္စာဆိုရန် ပြင်ဆင်နေချိန်၌ ယခုလို အငြင်းအခုံများ ဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။ ထိုပြင် မကြာသေးသော သီတင်းပတ်များအတွင်း ထိုင်ဝမ်အစွန်အဖျား ကင်မန်ကျွန်းအနီး အငြင်းပွားရေပြင်၌ တရုတ်၏ ကမ်းခြေစောင့်တပ်သင်္ဘောများ တိုး၍ လှုပ်ရှားမှုများ ပြုလုပ်လာချိန်လည်း ဖြစ်သည်။