အောင်ဇေယျစစ်ဆင်ရေးမှ သံချပ်ကာယာဉ် နောက်၁စီးအား ပူးပေါင်းတပ် တိုက်ခိုက်ဖျက်ဆီး

Cobra Column တပ်ခွဲ (၄)

ဂျူချန်း၊ ရွှေနွယ်

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊မြဝတီမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းမှ သံချပ်ကာယာဉ်‌နောက်တစီးအား ယမန်နေ့ (ဧပြီ ၂၁ ရက်) နေ့လယ်တွင် ထပ်မံပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးစောကော်က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏ သံချပ်ကားယာဉ်တစီးကို ကော့ကရိတ်မြို့အထွက် ကော့နွဲ့ရွာအနီးတွင် ဧပြီ ၁၃ ရက်နေ့က ဖျက်ဆီးခဲ့ပြီး ယခုအခါ နောက်ထပ်တစီးကို ဒေါနတောင်ခြေတနေရာ၌ ထပ်မံဖျက်ဆီးနိုင်ခဲ့ခြင်းဟုဆိုသည်။

” မနေ့က မြေဟောက်အမျိုခံရလိုက်တဲ့နောက်ထပ်တစီး” ဟု ဆိုကာ ပျက်စီးနေသော စစ်ကောင်စီသံချပ်ကာယာဥ်၏ ဓာတ်ပုံများနှင့်အတူ ကော်ဘရာစစ်ကြောင်းတပ်ခွဲ-၄က ယနေ့ နံနက် ၁၀နာရီခန့်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးပေ။ယခု သံချပ်ကာယာဥ်ကို တော်လှန်ရေးရဲဘော်များက ဆွဲယူလာနိုင်ခဲ့သည်ဟု သိရသည်။

” ပထမအစင်းက မဆွဲဖြစ်ဘူးလို့သိရတယ်။ ခုအစင်းကတော့ မနေ့ နေ့လယ်က ဆွဲလို့ရသွားပါတယ်” ဟု ကော်ဘရာပြောခွင့်ရသူက မဇ္ဈိမကို ယ‌နေ့နံနက်ပိုင်းတွင် ပြောသည်။

မြဝတီမြို့အားပြန်လည်ထိန်းချုပ်နိုင်ရန် အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို ကော့ကရိတ်မြို့နယ်မှနေ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်နေသည်။

ကော့ကရိတ်မြို့နယ်အတွင်း ဖြတ်တောက်တိုက်ခိုက်နေစဉ်စစ်ကောင်စီစစ်ကြောင်းမှ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကဧပြီလ ၁၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အဆိုပါစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ယ‌နေ့(ဧပြီလ ၂၂ရက်) နံနက်အထိဖြစ်ပွားနေသည်။

တိုက်ပွဲသတင်းများ၊ သံချပ်ကားယာဉ်ဖျက်ဆီးနိုင်မှုသတင်းများနှင့်ပတ်သက်၍ မေးမြန်းရာ”ကျနော်တို့ ဗီဒီယိုလည်းထုတ်ပြန်မှာပါ။ သတင်းက ပွဲပြီးမှပဲအကုန်တင်ရမှာပါ” ဟု ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တဦးကပြောသည်။

စာတည်း- အေးချမ်း