ဟန်ဂေရီမှာ ပရိသတ်တွေထဲ ပြိုင်ကား ဝင်တိုက်မိလို့ ၄ ဦး သေဆုံးခဲ့

By PKThawn

တနင်္ဂနွေနေ့က ဟန်ဂေရီကားအမောင်းပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ယာဉ်မောင်းတဦး လမ်းချော်သွားရာကနေ ပရိသတ်ထဲကို ဝင်တိုက်မိခြင်းကြောင့် လူလေးဦးသေဆုံးကာ ကလေးငယ်နှစ်ဦးအပါအဝင် အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဟန်ဂေရီနိုင်ငံအနောက်မြောက်ပိုင်းရှိ Esztergom Nyerges Rally မှာ နှစ်ရက်ကြာ ကျင်းပနေရာမှာ ပါဝင်တဲ့ ယာဉ်ဟာ ဘာကြောင့် လမ်းချော်သွားရသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆလိုဗက်ကီးယားနယ်စပ်နဲ့ နီးကပ်တဲ့ အနောက်မြောက်ပိုင်း Komarom Esztergom ခရိုင်မှာရှိတဲ့ ဘာဂျုပ်မြို့အနီးမှာ မတော်တဆမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လူနာတင်ယာဉ် ရှစ်စီးနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ် လေးစီးကို အခင်းဖြစ်ရာဆီ ပို့ဆောင်ခဲ့ပြီး ကားပြိုင်ပွဲကို ချက်ချင်း ရပ်စေခဲ့ပါတယ်။

အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကလေးငယ်တဦးအပါအဝင် ဒဏ်ရာအပြင်းအထန်ရတဲ့ ပရိသတ်နှစ်ဦး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရကြောင်း MTI သတင်းအေဂျင်စီက အဆိုပါနေရာရှိ ဆေးမှူးတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

ကလေးတဦးအပါအဝင် တခြားလူခြောက်ဦးဟာ အသေးစား ဒဏ်ရာများရရှိခဲ့ပြီး နေရာတင် ဆေးကုသမှုခံယူခဲ့ရကြောင်း ဆေးမှူးတွေက ပြောပါတယ်။

Hungarian National Motorsport Association (MNASZ) က သေဆုံးသူတွေရဲ့ ဆွေမျိုးတွေနဲ့မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ပို့သခဲ့ပါတယ်။

နှောင့်နှေးမှုမရှိဘဲ မတော်တဆမှု အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အဖွဲ့က ကတိပြုခဲ့ပါတယ်။

(AFP)