လူမျိုးရေးခွဲခြားမှုကြောင့် ဘောလုံးကစားလိုစိတ် လျော့ကျသွားကြောင်း ဗီနီစီးယပ်စ် ပြော

By PKThawn

ဘရာဇီးလ်တောင်ပံကစားသမား ဗီနီစီးယပ်စ် ဂျူနီယာက စပိန်နိုင်ငံမှာ သူ့အပေါ် စုပြုံ ရည်ရွယ်တဲ့ လူမျိုးရေးခွဲခြားစော်ကားမှု ဖြစ်စဉ်တွေများလာတာကြောင့် သူ့ရဲ့ ဘောလုံးကစားလိုစိတ်က လျော့ကျသွားကြောင်း မျက်ရည်ကျရင်း တနင်္လာနေ့မှာ မီဒီယာနဲ့တွေ့ဆုံစဉ်အတွင်း ပြောပါတယ်။

ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမားဟာ မကြာသေးခင်နှစ်တွေအတွင်း ပြိုင်ဘက်ပရိသတ်တွေရဲ့ အနိုင်ကျင့်စော်ကားမှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး မေလအတွင်းက ဗလင်စီယာမှာ ဖြစ်ရပ်တခုကြောင့် ကမ္ဘာတဝန်း ဒေါသထွက်ခဲ့ကြပါတယ်။

စပိန်အသင်းဟာ အင်္ဂါနေ့မှာ ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့ “One Skin” ဆောင်ပုဒ်အောက်မှာ ဗီနီစီးယပ်စ်ရဲ့ ဘရာဇီးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ဒီလို (လူမျိုးရေးခွဲခြားမှု)ကို ကျနော် မြင်နေရတာကြာပါပြီ၊ ဝမ်းနည်းမိတဲ့အချိန်တိုင်း၊ ကစားချင်စိတ်က အချိန်တိုင်း လျော့ပါးသွားတယ်”လို့ ဗီနီစီးယပ်စ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

စပိန်နိုင်ငံတနံတလျားက မတူညီတဲ့ အားကစားကွင်းတွေမှာ သူကြုံတွေ့ခဲ့ရတဲ့ လူမျိုးရေးခွဲခြားစော်ကားမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေဖြေကြားအပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ တကြိမ်မှာ မျက်ရည်တွေကျခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဗီနီစီးယပ်စ်က “ကျနော် စပိန်ကနေ ထွက်သွားရင် လူမျိုးရေး ခွဲခြားတဲ့ သူတွေကို သူတို့ လိုချင်တာကို အတိအကျ ပေးမှာဖြစ်လို့ စပိန်ကနေ ထွက်ခွာသွားဖို့ ဘယ်တုန်းကမှ ကျနော် စိတ်မကူးခဲ့ဖူးပါဘူး။

“ကျနော်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ဆက်နေမှာဖြစ်ပြီး ဂိုးတွေ သွင်းနိုင်သလောက် သွင်းမှာမို့လို့ သူတို့ ကျနော့်ကို စောင့်ကြည့်နေမှာပါ။”

ဗီနီစီးယပ်စ်က သူ့အနေနဲ့ သူ့ရဲ့ ကစားသမားဘဝအကြောင်းကိုပဲ တွေးချင်တယ်လို့ ပြောပါတယ်။

“ဘောလုံးကစားတာက အရမ်းအရေးကြီးပေမယ့် လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ဖို့က ပိုပြီးအရမ်းအရေးကြီးပါတယ်”လို့ သူက ဆိုပါတယ်။

“ကျနော်က အသားအရောင်မတူညီတဲ့ လူတွေကို ပုံမှန်ဘဝမျိုးရှိစေချင်တယ်၊ အဲဒါဆိုရင် ကျနော့်ကလပ်အသင်းနဲ့ကစားဖို့ကိုပဲ အာရုံစိုက်ပြီး ပွဲတွေသွားကစားဖြစ်မှာပါ။”

စပိန်နောက်ခံလူနဲ့ ဗီနီစီးယပ်စ်ရဲ့ အသင်းဖော် ဒန်နီ ကာဗင်ဂျယ်က သူ့ရဲ့နိုင်ငံဟာ လူမျိုးရေးခွဲခြားခြင်းမရှိကြောင်း အစောပိုင်းမှာ ငြင်းဆိုခဲ့ပါတယ်။

“စပိန်ဟာ လူမျိုးရေးခွဲခြားတဲ့နိုင်ငံမဟုတ်ပေမယ့် ဒီနေရာမှာ လူမျိုးရေးခွဲခြားမှုတွေ အများကြီးရှိပြီး သူတို့ထဲက တော်တော်များများက အားကစားကွင်းထဲမှာ ရှိနေတာ ကျနော် သေချာပါတယ်”လို့ ဗီနီစီးယပ်စ်က ပြောပါတယ်။

“စပိန်မှာ လူမျိုးရေးခွဲခြားမှုနဲ့ပတ်သက်ပြီး ကျနော် စောဒကတက်ခဲ့တဲ့ ပထမအကြိမ်ကစလို့ ဒါက ပေါက်ကွဲထွက်လာတာပါပဲ… သူတို့က ကျနော့်အသားအရေအရောင်နဲ့ ပတ်သက်ပြီး စော်ကားလာတာကြောင့် ကျနော် ကွင်းထဲမှာ ကစားရတာ ပိုဆိုးလာခဲ့တယ်။

“သူတို့က ကျနော့်ကို တခြားအရာတွေ အများကြီးပြောနိုင်သလို ကျနော်ကလည်း ဘာမှ ပြန်မပြောဘူး၊ အားကစားကွင်းတွေဆီ သွားနိုင်မယ်လို့ မျှော်လင့်ပြီး ဘာဖြစ်လာနိုင်မလဲဆိုတဲ့ အကြောင်းကို စဉ်းစားနေမှာမဟုတ်ပါဘူး။”

မတ်လအစောပိုင်းက အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမစတင်မီမှာ သူ့ကို ရည်ရွယ်ပြီး လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်ခြင်းအတွက် အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေကို သူက မကြာသေးခင်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

“ကျနော် မကစားတဲ့ ပွဲစဉ်တွေအတွင်းမှာတောင် ဒီလိုဖြစ်ပျက်နေတာမျိုးက ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်မှန်တခုပါ”လို့ ဗီနီစီးယပ်စ်က ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ ပြောခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက ဗီနီစီးယပ်စ်ဟာ စပိန်မှာ လူမျိုးရေးခွဲခြားရာမှာ “ဝမ်းနည်းဖွယ်ရာ ကျင့်သားရလာခဲ့တယ်”လို့ နိုဝင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

(AFP)