အာဆင်နယ်နဲ့ ချယ်လ်ဆီးနောက်ခံလူဟောင်း အက်ရှလေကိုးလ်ကို ပရီးမီးယားလိဂ် Hall of Fame ဂုဏ်ပြု

By PKThawn

အင်္ဂလန်နောက်ခံလူဟောင်း အက်ရှလေကိုးလ်ဟာ ပရီးမီးယားလိဂ် Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုခံရတဲ့ နောက်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ကိုးလ်ဟာ အင်္ဂလန်ရဲ့ ထိပ်တန်းလိဂ်မှာ ထင်ရှားကျော်ကြားလာတဲ့ ကစားသမားဘဝမှာ လိဂ်ဖလား သုံးကြိမ်ကို အာဆင်နယ်နဲ့အတူ နှစ်ကြိမ်၊ ချယ်လ်ဆီးနဲ့ တကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ ၂၀၀၃-၀၄ အာဆင်နယ် ‘Invincibles’ အသင်းမှာ တစိတ်တပိုင်းပါဝင်ခဲ့ပြီး စုစုပေါင်း ပရီးမီးယားလိဂ် ၃၈၅ ပွဲ ကစားခဲ့ပါတယ်။

“ခင်ဗျားရဲ့ကစားသမားဘဝပြီးဆုံးချိန်မှာ ဆုချီးမြှင့်ခံရတာက လေးစားစရာနဲ့ ကျေနပ်စရာကောင်းပါတယ်။”လို့ ချန်ပီယံလိဂ်ဆုရှင် ကိုးလ်က ပြောပါတယ်။

ဘယ်နောက်ခံလူဟောင်းဟာ ၂၀၀၀ ပြည့်နှစ်မှာ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်ကစားခဲ့ပြီး၂၀၁၄ အရောက် ဒီပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပွဲထွက်ဖြစ်လာခဲ့ပါတယ်။ သူဟာ နောက်ပိုင်းမှာ ရိုးမား၊ အယ်လ်အေဂလက်စီနဲ့ ဒါဘီအသင်းတွေမှာ ကစားခဲ့ပါတယ်။

ကိုးလ်ဟာ ၂၂ ယောက်မြောက် ပရီးမီးယားလိဂ် Hall of Fame မှာ ဂုဏ်ပြုခံရသူ ဖြစ်လာပါတယ်။

သူဟာ ပရီးမီးယားလိဂ် ကစားသမားဘဝတလျှောက် ၁၄၇ ပွဲ Clean Sheet (ဂိုးမပေး)ရခဲ့ပြီး ၁၅ ဂိုး သွင်း၊ ၃၁ ဂိုးဖန်တီးပေးကာ တနှစ်တာအကောင်းဆုံး PFA Team မှာ လေးကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရပါတယ်။

“ကျနော့်ရဲ့ အကောင်းဆုံးနဲ့ ကျေနပ်စရာကောင်းလောက်အောင် ကြိုးစားရင်း ကစားသမားဘဝကို ဖြစ်သန်းခဲ့တယ်”လို့ ကိုးလ်က ပြောပါတယ်။ “ငယ်ငယ်တုန်းကတော့ ဒါကို ခင်ဗျား ဘယ်တော့မှ အိပ်မက်မမက်ဖူးမှာမဟုတ်သလို ဘောလုံးကို ချစ်မြတ်နိုးလို့သာ လုပ်လိုက်တာဖြစ်မယ်။

“မယုံနိုင်လောက်အောင်ကောင်းတဲ့ ပရိသတ်တွေနဲ့ ခမ်းနားတဲ့ကလပ်အသင်းတချို့အတွက် ကျနော် ကစားပေးခဲ့တယ်။ ကျနော့်ရဲ့ငယ်ဘဝကလပ် အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့နဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တာဟာ ကျနော်နဲ့အတူ အမြဲရှိနေမယ့် အံ့သြစရာကောင်းတဲ့ အမှတ်တရတွေပါပဲ။

“အလန်ရှီးယား၊ သီယာရီ ဟင်နရီ၊ ဒီဒီယာ ဒရော့ဘာနဲ့ ရီယိုဖာဒီနန်တို့လို လေးစားစရာ ကစားသမားတွေနဲ့အတူ Hall of Fame မှာ ပါဝင်ရင်း သူတို့တွေအုပ်စုထဲ ရှိနေခွင့်ရလို့ ဂုဏ်ယူမိပါတယ်”

ကိုးလ်ဟာ ၁၃ နှစ်တာကာလအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၀၇ ပွဲကစားပေးခဲ့ကာ အက်ဖ်အေဖလား ခုနစ်ကြိမ်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ကိုးလ်ဟာ ၂၀၁၉ မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး နည်းပြလောကထဲ ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ဒီရာသီအစောပိုင်းက ဘာမင်ဂမ်မှာ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီနဲ့ လက်တွဲခဲ့ပြီး အင်္ဂလန်လက်ရွေးစင် ယူ-၂၁ အသင်းမှာ လက်ထောက်နည်းပြလုပ်နေပါတယ်။

(BBC)