စစ်ကြောင်းယာဥ်တန်းဖြတ်လာနိုင်သည့်အတွက် တက်မတောင်အနီးက ဒေသခံများတိမ်းရှောင်ကြရန် PDF သတိပေး

ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်း/ဓာတ်ပုံ CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း၊ပခုက္ကူမြို့ တပ်မ(၁၀၁)မှ ထွက်ခွာလာသည့် ကား ၁၁၂စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် ပေါက်မြို့နယ် တက်မတောင်အနီးသို့ ဖြတ်သန်းနိုင်သည့်အတွက် အနီးဝန်းကျင်ရှိ ဒေသခံများအနေဖြင့် တိမ်းရှောင်ကြရန် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ မတ်လ ၂၆ ရက်တွင် သတိပေးထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းမှ ရှေ့ပြေးကင်းထောက်အချို့သည် ပခုက္ကူ-ပေါက် ပုံမှန်လမ်းအတိုင်းမဟုတ်ဘဲ ဘူဒိုဇာများဖြင့် ရေနံပိုက်လိုင်းအတိုင်း လမ်းအသစ်ဖောက်လုပ်၍ မောင်းနှင်လာခြင်းဖြစ်ကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့) စစ်ကြောင်းက ပုံမှန်လမ်းကြောကို ရှောင်ကွင်းလိုတဲ့ သဘောရှိနေပါတယ်။ စစ်ကြောင်းဟာ ပြည်သူတွေတည်ရှိရာ ရွာစဉ်ရှိရာဘက် ပြည်သူတွေကို အကာကွယ်ယူပြီး စစ်ကြောင်းချီလာနိုင်ပါတယ်။ ဒါကြောင့် တက်မတောင် အနီးဝန်းကျင်က ဒေသခံတွေအနေနဲ့ တိမ်းရှောင်ကြဖို့ သတိပေးတာပါ။ တက်မ‌ တောင်အနီး‌ ကျေးရွာများမှ ပြည်သူတွေ၊ ယောချောင်း ဘေးဝဲယာပြည်သူတွေ ဘေးလွတ်ကင်းရာသို့ ရှောင်ရှားကြဖို့ အသိပေးအပ်ပါတယ်” ဟု ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက မဇ္စျိမအားပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းပစ်ခတ်မှု ပြုလုပ်လာနိုင်သည့်အပြင် တက်မတောင်အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများအား လူသားဒိုင်းသဖွယ် ခေါ်ဆောင်အသုံးပြုနိုင်သောကြောင့် တိမ်းရှောင်ကြရန် သတိပေးထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယနေ့ မတ်လ ၂၆ရက် နံနက် ၈နာရီ ၅၂မိနစ်အချိန်တွင် ကား ၁၁၂စီးပါ စစ်ကောင်စီယာဥ်တန်းသည် ကမ္မမြို့နယ်မှ ထွက်ခွာပြီး ဂျိုးပျံရွာသို့ ရောက်ရှိလာကာ အဆိုပါယာဥ်တန်းတွင် စက်သုံးဆီတင်ဆောင်လာသည့်ကားများ ပါရှိသည်ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်ထံမှ သိရသည်။

“ရှေ့ဆုံးယာဉ် အစီး၄၀မှာ ဂျမ်ဘာပါရှိပြီး နောက်ယာဉ်တန်း ၇၂စီးမှာတော့ ဂျမ်ဘာလွတ်နေတယ်လို့သိရပါတယ်။ ပြီးတော့ ပါကျဲဒိုး အဖြူနှစ်စီး ယာဥ်တန်းကြားမှာ ပါလာတယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် ပေါက်-ပခုက္ကူလမ်းပိုင်းအား ရက်အကန့်အသတ်မရှိ အသုံးမပြုကြရန် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် (၁၀၁) ခြေမြန်တပ်မ ဌာနချုပ်မှ ထွက်လာသော ကား ၁၁၂စီးပါ ယာဥ်တန်းသည် ကံမ္မမြို့နှင့် ညောင်ဂျစ်ပင်ရွာတို့တွင် သုံးရက် ညအိပ်ရပ်နားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ်ဘက်သို့ စတင်ထွက်ခွါလာခြင်းဖြစ်သည်။

ပေါက်မြို့သည် ပခုက္ကူ၊ ကံမ္မ၊ ပေါက်၊ ကျောက်ထုလမ်းဆုံဖြစ်ပြီး ပြည်သူများအနေဖြင့် ထီးလင်း၊မင်းတပ် ၊ဆော ဘက်သို့ သွားသည့် လမ်းပိုင်းများအား အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားကြကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ