ရိဒ်ခေါဒါရ်မြို့တွင် ရူပီးသိန်း ၈၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပုံအညွှန်း ။ ။ ရိဒ်ခေါဒါရ်မြို့တွင် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများနှင့် တရားခံများ ဓာတ်ပုံ။ ။The Office of Hualgoram Administrative Officer

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ ဟွားလ်ငိုးဒေသ၊ ရိဒ်ခေါဒါရ်မြို့တွင် စစ်ဘေးရှောင်များထံမှ ရူပီး ၈၀သိန်းကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ယမန်နေ့ မတ်လ ၂၉ ရက် ည ၁၀နာရီအချိန်တွင် ဖမ်းဆီးရမိကြောင်း The Office Of Hualngoram Administrative Officer က ယနေ့ သတင်းထုတ်ပြန်သည်။

“ဒီမူးယစ်ဆေးတွေကို ကျနော်တို့ ဟွားလ်ငိုးဒေသပြည်သူ့ရဲတပ်ဖွဲ့တွေ မြို့တွင်းလုံခြုံရေးကင်းလှည့်ရင်းနဲ့ မီဇိုရမ် ဘက်သယ်ဖို့နဲ့ လက်လီရောင်းနေတဲ့နေရာတွေကနေတဆင့် ဖမ်းဆီးရမိတာဖြစ်တယ်”ဟု HPO/CDF-Hualngoram သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူးက မဇ္စျိမအားပြောသည်။

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်သို့ သယ်ဆောင်ရန်အတွက် သိုလှောင်ထားသော မူးယစ်ဆေးထည့်ထားသော ဆပ်ပြာဘူး ၂၂၈ဘူး (ခန့်မှန်းတန်ဖိုး ရူပီး ၈၂,၀၀,၀၀၀)၊ ငွေသား ရူပီး ၄,၃၃,၀၀၀နှင့် စမတ်ဖုန်း ခြောက်လုံးတို့အား ဟွားလ်ငိုးဒေသပြည်သူ့ရဲတပ်ဖွဲ့(Hualngoram Police) က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာမှ ဟွားလ်ငိုးဒေသ ရိဒ်ခေါဒါရ်မြို့သို့ စစ်ရှောင်နေထိုင်လျှက်ရှိသော အသက် ၅၁ နှစ်အရွယ် ဒေါ်ဇုန်တီလ် နှင့် အသက်၄၄ နှစ်အရွယ် ဒေါ်လာလ်ရမ်း တို့ထံမှ ဖမ်းဆီးသိမ်းဆည်းရရှိခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် မူးယစ်ဆေးဝါးများ သိုလှောင်ထားသော အမျိုးသမီးနှစ်ဦးနှင့် ကွင်းဆက်တရားခံများအား ဆက်လက်စစ်ဆေးခဲ့ရာ ကလေးမြို့၊ တာဟန်းရပ်ကွက်မှ ကားဖြင့်သယ်ဆောင်ပေးသူ အသက် ၂၆နှစ် အရွယ် ဦးအာဂပေထန်း၊ အသက် ၃၁ နှစ် အရွယ် ဦးငွန်ခွါလ် နှင့် အသက် ၂၅ နှစ်အရွယ် ဦးလာလ်းဆိုင်တို့ကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ဖမ်းဆီးထားတဲ့ မူးယစ်ဆေးတွေကို ဥပဒေအရ အဆင့်ဆင့်အရေးယူ ဆောင်ရွက်ပြီး တရားခံတွေကို စီရင်ချက်ချပြီးတာနဲ့ ဟွားလ်ငိုးဒေသ တရားရေးအဖွဲ့ လမ်းညွှန်မှုနဲ့ မီးရှို့ဖျက်ဆီးဖို့ လုပ်မှာပါ။ကျနော်တို့ ဒီမူးယစ်ဆေးကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ စီမံချက်တွေနဲ့ ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကွင်းဆက်
တရားခံတွေကော လက်ပူးလက်ကြပ် မဖမ်းမိသေးတဲ့ မူးယစ်ဆေးဒိုင်တွေကိုကော သေသေချာချာ ထိရောက်စွာအရေးယူနိုင်ဖို့ ကျနော်တို့ ဆောင်ရွက်သွားမှာပါ”ဟု HPO/CDF-Hualngoram သတင်းနှင့်ပြန်ကြားရေးအတွင်းရေးမှူးက ဆက်ပြောသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်ထိန်းသိမ်းထားသော အမျိုးသမီးနှစ်ဦးနှင့် ကွင်းဆက်ဖမ်းမိထားသော အမျိုးသားသုံးဦးတို့ကို ဟွားလ်ငိုးဒေသတရားရေးအဖွဲ့(Hualngoram Judiciary Board) မှ တရားဥ ပဒေများအတိုင်း အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ထားသည်။

အရေးယူမှုနှင့်ပတ်သက်ပြီး မည်ကဲ့သို့ အရေးယူသွားမည်ကိုမူ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

ဟွားလ်ငိုးဒေသ၊ ရိဒ်ခေါဒါရ်မြို့သည် အန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတံတားရှိရာ မြို့ဖြစ်သည့်အလျှောက် စီးပွားရေး အချက်အချာကျသောနေရာဖြစ်ပြီး နေရာဒေသအသီးသီးမှ စစ်ဘေးရှောင်လာသူများနှင့် စီးပွားရေးလာလုပ်သော ကုန်သည်များ ရှိသည့်အတွက် တရားဥပဒေအောက်မှ တရားသဖြင့် လုပ်ကိုင်စားသောက်ကြရန်လည်း HPO/CDF-Hualngoram သတင်းနှင့်ပြန်ကြားရေးအတွင်းရေးမှူးက တိုက်တွန်းထားသည်။

ဟွားလ်ငိုးဒေသတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အကောင်ထည် ဖော် ဆောင်ရွက်လျှက်ရှိပြီး မူးယစ်ဆေး၀ါး တိုက်ဖျက်ရေးလုပ်ငန်းတွင် ပြည်သူများအနေဖြင့် ပူးပေါင်းကူညီပေးကြရန်လည်း The Office Of Hualngoram Administrative Officer၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

မတ်လ ၂၀ရက်နေ့ကလည်း HPO/CDF-Hualngoramမှ ဖမ်းဆီးထားသော ၄၀၀,၀၀၀,၀၀၀ (သိန်းလေးထောင်)ကျပ် တန်ဖိုးရှိသည့် ဘိန်းဖြူ(နံပါတ်ဖိုး)နှင့် စိတ်ကြွဆေးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဟွားလ်ငိုးဒေသပြည်သူ့အဖွဲ့(HPO) ထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ