မုံရွာ-မန္တလေးလမ်း ရေပိုးစားကန်အနီးတွင် ခရီးသွားများကိုစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်း ရေပိုးစားကန်အနီးတွင် ကားများကို တား ဆီးစစ်ဆေး၍ ငွေတောင်းခံနေသော စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်း၍ အနီးကပ်တိုက် ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင်အမှတ် (၁၁) PDF – South Monywa က ဧပြီလ ၂ ရက် ယနေ့ထုတ်ပြန်သည်။

မြင်းမူမြို့နယ်၊ ဂွေးပင်တောဘုန်းကြီးကျောင်းမှထွက်လာသည့် အင်အား ၂၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ကို ရေးပိုးစားကန်အနီးတွင် ဧပြီလ ၁ ရက် မွန်းလွဲ ၂နာရီ ၂၅ မိနစ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တာဝန်သိပြည်သူရဲ့ သတင်းပေးချက်အရ ကျနော်တို့အနီးကပ်သွားပစ်ခဲ့တာပါ၊ တယောက် နေရာမှာ လဲကျသေတာကို မျက်မြင်တွေ့ခဲ့ရပါတယ်” ဟု PDF – South Monywa တာဝန်ခံ ဒေါင်းကာရံက မဇ္စျိမ ကိုပြောသည်။

လက်နက်ငယ်များအပြင် ၆၀ မမ ရှော့တိုက်ဒုံးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တဦး နေရာတွင်သေနတ်မှန်လဲကျသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။

ညနေပိုင်းတွင် စစ်ကောင်စီတပ်က လူနာတင်ယာဉ် လိုက်လံရှာဖွေနေကြောင်းသိရပြီး ထိခိုက်ဒဏ်ရာရမှု အသေးစိတ်အခြေနေကို အတည်ပြုနိုင်ရန်စုံစမ်းနေကြောင်း ဒေါင်းကာရံကဆက်ပြောသည်။

ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုတွင် ရေပိုးစားဘုန်းကြီးကျောင်းဘေးတွင်ပေါက်နေသည့် သစ်ပင်ကိုထိမှန်ပြီး ၎င်းမှတဆင့် ကျောင်းဆောင်အချို့ထိခိုက်ပျက်စီးခြင်းနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လမ်း သွားလာ ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသဖြင့် အနူးအညွတ်တောင်းပန်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပစ်ခတ်မှုအပြီး ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့များကို ၄၀ မမ အပါ အဝင် လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို PDF – South Monywa နှင့်အတူ နွေဦးလူငယ် PDF ၊ ဒေါင်းဘုရင် (MMU) ၊ မြင်းမူ မြို့နယ် ပကဖနှင့် တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မုံရွာ – မန္တလေးလမ်းတွင် မတ်လအတွင်း မဟာမိတ်များပူးပေါင်းပြီး တိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၁၁) PDF – South Monywa က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ