မြန်မာနယ်စပ်အနီးတွင် ကျည်ဆန်အစစ်များအသုံးပြု၍ တရုတ် စစ်ရေးလေ့ကျင့်မည်

တရုတ်စစ်တပ်/Photo:AFP

South China Morning Post:-

မြန်မာနိုင်ငံတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် တရုတ်စစ်တပ်သည် မြန်မာနယ်စပ်အနီးတွင် ကျည်ဆန်အစစ်များကို အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်သည်။

တရုတ်သည် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုထားပြီး ဇန်နဝါရီလတွင် မြန်မာဘက်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်များ တရုတ်နိုင်ငံရှိ နယ်စပ်မြို့ဖြစ်သော နန်စန်မြို့သို့ ကျရောက်ပေါက်ကွဲကာ လူငါးဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် ကန့်ကွက်ခဲ့သည်။

မြန်မာနယ်စပ်အနီး၌ ဧပြီ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ကျည်ဆန်အစစ်များကို အသုံးပြု၍ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူနန်ပြည်နယ်ရှိ ဒေဟောင်တိုင်နှင့် ကျင်းပိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ကြည်းတပ်နှင့် ရေတပ်တို့ ပါဝင်သွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်၏ တောင်းပိုင်းဒေသကွပ်ကဲမှုဌာနက အတည်ပြုခဲ့ပြီး စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ လျင်မြန်စွာ စစ်ရေးလှုပ်ရှားနိုင်စွမ်း၊ တိတိကျကျ ချေမှုန်းနိုင်စွမ်း၊ ကြည်း၊ ရေ၊ လေ ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်နိုင်စွမ်းနှင့် ပူးပေါင်းတိုက်ခိုက်နိုင်စွမ်းတို့ကို စမ်းသပ်ရန်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ တီယန်ကျွန်းလီက ပြောကြားခဲ့သည်။

တပ်ဖွဲ့များအနေဖြင့် အရေးပေါ် အခြေအနေအမျိုးမျိုးကို တုံ့ပြန်ဆောင်ရွက်ရန်၊ အချုပ်အခြာအာဏာ၊ နယ်စပ်ဒေသတည်ငြိမ်မှုနှင့် ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်များကို ထိထိရောက်ရောက် ကာကွယ်ရန် အမြဲတမ်း ပြင်ဆင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်စစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ယင်းဒေသတွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည်။ တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်ညီနောင်သုံးဖွဲ့က မြန်မာစစ်တပ်ကို အကြီးစားထိုးစစ်ဆင်မှု စတင်ပြီး ရက်သတ္တပတ်များကြာပြီးနောက် ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုပုံစံမျိုးကို သိပ်တွေ့ရလေ့မရှိဘဲ ၂၀၁၇ ခုနှစ်၊ မတ်လတွင်သာ အလားတူပုံစံစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ညီနောင်တပ်ဖွဲ့များသည် အဓိကကျသော လောက်ကိုင်မြို့ကို ဇန်နဝါရီလတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လက်တွဲ၍ တိုက်ပွဲများဆင်နွှဲလျက်ရှိသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများကြောင့် ပြည်သူ ၅၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း နှစ်သန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း Armed Conflict and Event Data Project တွင် ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း တရုတ်အစိုးရသည် မြန်မာစစ်အာဏာရှင်နှင့် ဆက်လက် ထိတွေ့ဆက်ဆံလျက်ရှိပြီး တရုတ်အစိုးရက အထူးစိုးရိမ်လျက်ရှိသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရာတွင် လက်တွဲဆောင်ရွက်လျက်ရှိသည်။

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး စွန်းဝေတုန်းသည် ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နယ်စပ်ဒေသလုံခြုံရေးနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရေးနှင့်ပတ်သက်၍ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာဌာနမှူး လျူကျင်ဆောင်းသည်လည်း မြန်မာသံအမတ်နှင့် ပြီးခဲ့သည့် မတ် ၂၆ ရက်တွင် တွေ့ဆုံပြီး စိုးရိမ်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်တွင် အပစ်အခတ်ရပ်စဲနိုင်ရေး တရုတ်က ကြားဝင်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ဇန်နဝါရီလအတွင်း ရရှိခဲ့သည့် မကြာသေးမီက အပစ်အခတ်ရပ်စဲရေးသည် ၂၄ နာရီမပြည့်မီ ပျက်စီးသွားခဲ့သည်။