အွန်လိုင်း ရိုက်စားအဖွဲ့၏ လှည့်စားဖြားယောင်းခြင်းကို ခံရသည့် ထိုင်း ၁၂၀ ဦးကို ကယ်ဆယ်ပြီး နိုင်ငံရင်း ပြန်ပို့မည်

ရိုက်စားအဖွဲ့အွန်လိုင်း ၏ လှည့်စားဖြားယောင်းခြင်းကို ခံရသည့် ထိုင်း ၁၂၀ ဦးကို ကယ်ဆယ်ပြီး နိုင်ငံရင်း ပြန်ပို့မည်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် လောက်ကိုင်တွင် အလုပ်လုပ်ကိုင်ရန် အင်တာနက် အလိမ်အညာ ရိုက်စားအဖွဲ့တခု၏ လှည့်ဖြား စည်းရုံးခြင်းကို ခံခဲ့ရသော ထိုင်းနိုင်ငံသား ၁၂၀ ဦးကို နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်ရန် ထိုင်းနှင့် မြန်မာစစ်ကောင်စီ တာဝန်ရှိသူများအကြား စီစဉ်လုပ်ဆောင်လျက် ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကန်ချာနာ ပတ်တာရာချော့ခ်၏ အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားမှုကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းတပုဒ်တွင် ဖော်ပြသည်။

အမျိုးသား ၉၀ ဦးနှင့် အမျိုးသမီး ၃၀ ဦးတို့ ဖြစ်သည့် ထိုင်းနိုင်ငံသားများသည် တရုတ်နှင့် နယ်စပ်ရှိ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့တွင် အလုပ်လုပ်ရန် အင်တာနက် ဂိုဏ်းအဖွဲ့တခု၏ စည်းရုံးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

၎င်းတို့ အလုပ်အကိုင် အမျိုးအစားကို ကနဦးတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ထိုင်းသံရုံးအနေဖြင့် အဆိုပါ လှည့်စားဖြားယောင်းခံရသည့် ထိုင်းနိုင်ငံသားများကို လောက်ကိုင်မြို့မှ ဘေးကင်းရာသို့ ကူညီခေါ်ထုတ်ပေးရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လောက်ကိုင်ရှိ လူဝင်မှုရုံးနှင့် အခြားသော အေဂျင်စီများနှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ခဲ့ကြောင်း မြန်မာဆိုင်ရာ ထိုင်းသံအမတ် မုန်ကောလ် ဝီဆစ်စ်တမ့်ပ်က အောက်တိုဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောကြောင်း မစ္စ ကန်ချာနာက ပြောသည်။

စုစုပေါင်း ထိုင်းနိုင်ငံသား ၁၂၀ ဦးကို လောက်ကိုင်မှ ခေါ်ထုတ်ထားခဲ့ကြောင်း ထိုင်းသံရုံးက အောက်တိုဘာ ၂၁ ရက် ည ၉ နာရီတွင် အကြောင်းကြားသည်။ ၎င်းတို့ကို မြန်မာစစ်တပ်က နေစရာနှင့် စားစရာများ ထောက်ပံ့ပေးခဲ့သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။

အဆိုပါ ထိုင်း ၁၂၀ ဦး၏ အမည်များကို ပေးအပ်ရန် ထိုင်းသံရုံးက မြန်မာစစ်ကောင်စီတာဝန်ရှိသူများကို တောင်းဆိုခဲ့သလို လောက်ကိုင်မြို့ထဲတွင် ဆက်ရှိနေဆဲဖြစ်နိုင်သည့် အခြားသော ထိုင်းနိုင်ငံသားများကို ရှာဖွေ၊ ကူညီပေးရန် လောက်ကိုင်ရှိ လူဝင်မှုရုံးကို တောင်းဆိုခဲ့သည်ဟု သိရသည်။

ထိုင်းသံရုံးအနေဖြင့် ထိုင်းနိုင်ငံသားများ မူလနိုင်ငံသို့ ပြန်ရောက်စေရေး စစ်ကောင်စီ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်ဟု မစ္စ ကန်ချာနာက ပြောသည်။

၎င်းတို့သည် ရန်ကုန်မှ လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ သို့မဟုတ် တာချီလိတ်မှ ကုန်းကြောင်းဖြင့် ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်သို့ ပြန်ရောက်လာနိုင်ကြောင်း သူမက ပြောသည်။