တောင်တရုတ်ပင်လယ်တွင် တရုတ်က ခြေလှမ်း ပိုသွက်လာ

တောင်တရုတ်ပင်လယ်ရှိ Second Thomas Shoal ကမ်းနီးရေတိမ်ပိုင်းသို့ စစ်ထောက်ကူပို့သည့် ဖိလစ်ပိုင်သင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများက ရေအမြောက်ဖြင့် ထိုးပက်သည်ကို မြင်တွေ့ရစဉ်။

Latestly

ဖိလစ်ပိုင်အား တင်းမာခက်ထန်စွာ ရပ်တည်မှု တစိတ်တပိုင်းအဖြစ် သမ္မတ ရှီကျင့်ဖျင်သည် တောင်တရုတ်ပင်လယ်၌ ပို၍ အားမာန် ပြသရန် သူ့ ကွပ်ကဲမှု အောက်ရှိသော တရုတ်ကမ်းခြေ‌စောင့်တပ်ကဲ့သို့သော အဖွဲ့အစည်းများကို ထင်သာမြင်သာ ညွှန်ကြားထားသည်။

အမှန်တကယ်လည်း ဖိလစ်ပိုင် ပါလာဝန်ကျွန်း အနောက်ဘက် ၁၉၄ ကီလိုမီတာတွင် ရှိသော နစ်မြုပ် သန္တာကျောက်တန်းဖြစ်သည့် Second Thomas Shoal ပင်လယ်ရေတိမ်ပိုင်းသည် တောင်တရုတ်ပင်လယ်အရေး၌ ပေါက်ကွဲလု အခြေအနေမျိုး ဖြစ်တည်နေပေပြီ။ ယင်း သန္တာကျောက်တန်းတွင် ဖိလစ်ပိုင် ရေတပ်၏ ရေယာဉ်ဟောင်း BRP Sierra Madre က ၁၉၉၉ မှစကာ ကမ်းကပ်ထားပြီး ဖိလစ်ပိုင်၏ ပိုင်နက်အတည်ပြုမှုကို အားဖြည့်ထားခြင်း ဖြစ်သည်။ Second Thomas Shoal သည် တရုတ်ပိုင် Mischief Reef စစ်စခန်းနှင့် ၃၂ ကီလိုမီတာ အကွာလောက်လေး၌ တည်ရှိသည်။

ဆယ်စုနှစ်ကျော် ဖိလစ်ပိုင် ရေတပ်၏ ကျောက်ချထားရာ Sierra Madre ဆီ ဖိလစ်ပိုင်၏ စစ်ထောက်ကူ လွှတ်ခြင်းများကို တရုတ်က အနှောင့်အယှက် ပေးနေခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်နှစ်၌ ပို၍ ဆိုးဝါးလာခဲ့ကာ တပ်လှန့်အနေအထားတရပ်အထိ ဖြစ်လာခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၃ နိုဝင်ဘာ ၁၀ ရက်က ဖိလစ်ပိုင်၏ စစ်ထောက်ကူပြုနေသည့် အချိန်အတွင်း ၃၈ စင်းပါ တရုတ်သင်္ဘောအုပ်စုသည် ထင်ရာစိုင်း စစ်ကစားပြီး ရေအမြောက်များ ထိုးပက်ခဲ့သည်. ထိုနောက် ၂၀၂၃ ဒီဇင်ဘာ ၁၀ တွင် တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်ရေယာဉ်တစင်းကို ရည်ရွယ်ချက် ရှိရှိ ဝင်တိုက်ခဲ့သည်။

ယခုနှစ် နောက်ထပ် စစ်ထောက်ကူလုပ်ငန်းများအတွင်း တရုတ်ကမ်းခြေစောင့်တပ်သည် ဖိလစ်ပိုင် အရပ်ဘက် ထောက်ပံ့ရေးသင်္ဘောများကို ရေအမြောက်များဖြင့် ထိုးပက်ခြင်းများ ရှိနေကာ ရလဒ်အားဖြင့် သင်္ဘောများ ပျက်စီးခြင်းနှင့် အမှုထမ်းများ ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်ရသည်။

သိပ်မကြာသေးသော ပြီးခဲ့သည့် မတ်လက အဖြစ်အပျက်နှင့် ပတ်သက်ကာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဂျေးတာရီလာက “ထောက်ကူပြု သင်္ဘောကို ရေအမြောက်နဲ့ တိုက်ခိုက်တဲ့ သူတို့ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်ဟာ ဖိလစ်ပိုင် တပ်သားတွေရဲ့ အသက်ကို ခြိမ်းခြောက်ပြီး ဒါဟာဆိုရင် နိုင်ငံတကာ ဥပဒေကို ဗြောင်ကျကျ လျစ်လျူရှုထားတဲ့ သူတို့ရဲ့ သရုပ်သကန်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရတာ ဖြစ်တယ်”ဟု အပြစ်ဆိုသည်။

တရုတ်ကမ်းခြေစောင့်တပ်နှင့် ပြည်သူလက်နက်ကိုင် ရေပြင်ပြည်သူ့စစ်တပ် (PAFMM) တို့က နိုင်ထက်စီးနင်းလုပ်ရပ်များအတွက် အပြစ်ဆိုဖွယ်ရာ ဖြစ်နေသော်လည်း ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က ထောက်ကူပံ့ပိုးသည့် အခန်းကဏ္ဍမှ လှုပ်ရှားနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ဖိလစ်ပိုင်၏ သီတူကျွန်းမှ ၃ ကီလိုမီတာ အဝေးရှိ Sandy Cay သောင်ပြင်က ဖိလစ်ပိုင်သိပ္ပံပညာရှင်အဖွဲ့ကို ရည်ရွယ်ချက်ရှိရှိ သောင်ခုံမှ မောင်းထုတ်ရန် ကြိုးပမ်းပြီး ပျံဝဲနေသော PLA ၏ Z-8 ရဟတ်ယာဉ်တစင်းကို မကြာသေးခင်က ဗီဒီယို ရိုက်ကူးထားခဲ့သည်။

ထို သိပ္ပံပညာရှင်အစုက ငါးနှင့် သန္တာကျောက်တန်းများသည် လူလုပ်စွန့်ပစ်ရော်ဘာများကြောင့် “အတော်လေး ဆိုးဝါးသည့် အခြေအနေ” ရှိနေကြောင်း အတည်ပြုဆိုကြသည်။ တရုတ်တို့၏ သောင်တူးခြင်းနှင့် မြေယာဖော်ယူခြင်းများသည် စပရတ်တလေးကျွန်းစု၌ ဟတ်တာ ၁,၃၀၀ မြေယာပိုင်ဆိုင်မှုကို လက်ဝယ်ဆုပ်ကိုင်သွားနိုင်စေသည်။

စပရတ်တလေးကျွန်းစုများတွင် ဖိလစ်ပိုင်က ကျွန်း ရှစ်ကျွန်းကို အပိုင်ပြုထားပြီး အကြီးဆုံးမှာ သီတူကျွန်း ဖြစ်သည်။ PAFMM ၏ ရေယာဉ်များသည် ဖိလစ်ပိုင် အထူးစီပွားရေးဇုန်ရှိ အခြားသော သောင်စွယ်များသို့ ဝင်ရောက်ခြင်းများ ရှိပြီး ဥပမာအားဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ၌ Whitsun Reef ကမ်းနီးရေတိမ်ပိုင်း၌ သင်္ဘော ၁၃၅ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့သည်။ တရုတ်၏ ပင်လယ်ပြင် ထိန်းချုပ်ရေး နည်းဗျူဟာများမှာ နယ်မြေဒေသအား ယာယီအားဖြင့် ထိန်းချုပ်မှု ရအောင် အစုလိုက် ဝင်ရောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကာ ယင်းတွင် ရေအမြောက် ထိုးပက်ခြင်း၊ သင်္ဘောချင်း ဝင်တိုက်ခြင်းနှင့် လက်ရှိတွင် ရဟတ်ယာဉ်များ အသုံးပြုခြင်းတို့ဖြင့် တဖက်၏ လှုပ်ရှားဆောင်ရွက်မှုများကို ရိုက်ချိုးခြင်း ဖြစ်သည်။ ကံဆိုးစွာပင် ဖိလစ်ပိုင်သည် ထို တရုတ်၏ နည်းဗျူဟာများကို ထိထိရောက်ရောက် တန်ပြန်ရန် အရွယ်အစားရော အရေအတွက်ပါ လိုအပ်သော သင်္ဘောအုပ်စု ရှိမနေပေ။

တရုတ်က ယခုကဲ့သို့ ဘာကြောင့် လုပ်ဆောင်နေရသလဲ။ တရုတ်၏ ထူးခြားသော ရပ်တည်မှု၏ ရောင်ပြန်ဟပ်ခြင်းကြောင့်ပဲ ဖြစ်သည်။ နိုင်ငံတကာဥပဒေက အကျုံးမဝင်ဟု တရုတ်က ယူဆထားခြင်းကြောင့်ပဲ ဖြစ်သည်။ ထင်ရှားသည့် ဥပမာမှာ တရုတ်၏ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ကြောင်း အတည်ပြုမှုသည် တရားဥပဒေတွင် အခြေမခံကြောင်း အနုညာတခုံရုံးက ၂၀၁၆ တွင် စီရင်ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် တရုတ်သည် ၎င်း၏ ရေပြင်ပိုင်နက် အတည်ပြုမှုကို ငါတကောကော ဆက်လက် လုပ်ဆောင်နေပြီး ၎င်း ပိုင်းခြားသော ဧရိယာနယ်ပယ်အတွင်း အစစအရာရာကို ထိန်းချုပ်လိုနေသည်။

တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးမှာ ရိုဒရီဂို ဒူတာတေး အစိုးရလက်ထက်၌ ဆက်စပ်အားဖြင့် ကောင်းမွန်ခဲ့သည်။ အရင်းခံမှာ တရုတ်၏ တောင်းဆိုမှုများကို ဒူတာတေးက လိုက်လျောသောကြောင့်ပဲ ဖြစ်သည်။ ဖိလစ်ပိုင်အစိုးရက တရုတ်ထံ အောက်ကျို့ခံနေသ၍ တရုတ်က ၎င်း၏ အင်အားကို ပြရုံသာ ပြထားသည်။ သို့ရာတွင် ဖိလစ်ပိုင်သည် ၎င်း၏ အခွင့်အရေးများအတွက် ရပ်တည်လာသည်နှင့် တပြိုင်နက် တရုတ်ကလည်း တပ်လှန့်သံ ပေးလာတော့သည်။

လက်ရှိတွင် တရုတ်သည် Second Thomas Shoal ကမ်းနီးရေတိမ်ပိုင်းမှ Sierra Madre သင်္ဘောဟောင်းကို ဖယ်ရှားမည်ဆိုသော ဖိလစ်ပိုင် ကတိပေးထားသည့် “သဘောတူညီချက်တရပ်”ကို တစာစာ ကိုးကားပြောဆိုလာသည်။ ဥပမာအားဖြင့် ဖိလစ်ပိုင်အနေဖြင့် “ကိုယ့်နှုတ်ထွက်စကား တည်ရန် ပျက်ကွက်နေကြောင်း၊ ကတိကဝတ်များ ဖြည့်ဆည်းရန် ငြင်းဆန်နေကြောင်းနှင့် တရုတ်ကို ပေးထားသည့် ကတိများကို အကြိမ်ကြိမ် ချိုးဖောက်နေကြောင်းနှင့် တောင်တရုတ်ပင်လယ်ရှိ အဖွဲ့အစည်းများ၏ အပြုအမူများနှင့် ပတ်သက်သော ကြေညာချက် အပိုဒ်( ၅ )ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေကြောင်း” တရုတ်က ဖိအားပေးနေတော့သည်။

ထိုကဲ့သို့သော သဘောတူညီချက် ဘာတခုမျှ မရှိခဲ့ကြောင်း ဖိလစ်ပိုင်က ငြင်းဆန်သည်။ ဒူတာတေးအနေဖြင့် ကတိကဝတ်တရပ် ပေးနိုင်လိမ့်မည် ဆိုပေမယ့် ပြည်တွင်း၌ လူထု အပြင်းအထန် လက်ခံမှာ မဟုတ်သည့်အတွက် စာချုပ်ကတိတော့ ပေးလိမ့်မည်မဟုတ်သည်မှာ သေချာသည်။ ထိုပြင် ထိုကဲ့သို့သော သဘောတူညီမှုမျိုး ရှိထားသည်ဆိုသော မည်သို့သော သက်သေသက္ကာယမျှ တရုတ်က မပေးနိုင်ပေ။

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာသည် ဖိလစ်ပိုင်၏ အချုပ်အခြာအား ကာကွယ်ရာတွင် ဒူတာတေးထက်ပင် ပို၍ တက်ကြွမှု ရှိပြီး ဒူတာတေး ပေးခဲ့သည့် မည်သည့် ကတိမျိုးကိုမဆိုနှင့် ပတ်သက်ကာ လက်စသတ်ပြီး ဖြစ်သည်။ ၂၀၂၃ ဇန်နဝါရီတွင် မားကို့စ်သည် ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကာ မတူညီမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် သဘောတူကြသည်။ သို့ရာတွင် ယင်း တလတည်းမှာပင် ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်အတွင်းရှိ ဖိလစ်ပိုင်တံငါသည်များကို တရုတ်ကမ်းခြေစောင့်တပ်က လိုက်လံခဲ့သည်။ နောက်တလ၌လည်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် သင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ်က လေဆာဖြင့် ထိုးမှု ဖြစ်ခဲ့ပြန်သည်။

တရုတ်ကမ်းခြေစောင့်တပ်မှာ ရေပြင်ဥပဒေ အာဏာသက်ဝင်ရေးနှင့် ရေကြောင်းလုံခြုံမှု မြှင့်တင်ရေးတို့အတွက်သာ ဖြစ်သင့်သည်။ ယင်းအစား ပြင်းထန်သော အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပိုင်နက် လုငင်မှု၌ အစိုးရ၏ လက်ကိုင်တုတ် ဖြစ်နေသည်။

တရုတ်၏ ပြောင်ကျကျ ရန်စမှုကို ရင်ဆိုင်ရင်း ဖိလစ်ပိုင်သည်လည်း လမ်းကြောင်း ပြောင်းလဲလာခဲ့သည်။ “အနောက်ဖိလစ်ပိုင်ပင်လယ်မှာ တရုတ်ရဲ့ ရန်စမှုနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဖိလစ်ပိုင်အစိုးရက ရွေးချယ်ထားတယ်၊ အနောက်ဖိလစ်ပိုင်ပင်လယ်မှာ တင်းမာမှု အရှိန်မြင့်တက်တာဟာ အမေရိကန်ကြောင့် မဟုတ်ဘဲ တရုတ်ကြောင့် ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ အရေးကြီးတယ်၊ အမေရိကန်ဟာ ဖိလစ်ပိုင်ရဲ့ မဟာမိတ်တဦးဖြစ်ပေမယ့် ဒါဟာ တင်းမာမှုတွေရဲ့ အကြောင်းရင်းခံ မဟုတ်ဘူး၊ တရုတ်အစိုးရအနေနဲ့ ရှုပ်ထွေးအောင် မလုပ်ဘဲ ရှောင်ရှားသင့်တယ်၊ သူတို့ရဲ့ နှုတ်ထွက်စကားကို အလေးထားတယ်ဆိုရင် အသိအမှတ်ပြုဖို့ သင်ယူရမယ်၊ တောင်တရုတ်ပင်လယ်မှာ အခြားနိုင်ငံတွေကို အနိုင်ကျင့်တာမျိုးကို မရွေးချယ်ရဘူး၊ ဒါမှ တင်းမာမှုတွေ မမြင့်တက်မှာ ဖြစ်တယ်”ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောခွင့်ရသူ တာရီလာက ထောက်ပြပြောဆိုသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ၂၀၁၆ မှ ၂၀၂၂ ဇွန်လအတွင်း ဖိလစ်ပိုင်သည် တရုတ်အား သံခင်းတမန်ခင်း ကန့်ကွက်မှုပေါင်း ၃၈၈ ကြိမ် လုပ်ဆောင်ခဲ့သည်။ ၂၀၂၄ မတ်လနောက်ပိုင်းအထိ မားကို့စ် အစိုးရသည် နောက်ထပ် ၁၄၇ ကြိမ် ကန့်ကွက်မှု လုပ်ခဲ့သည်။ အမေရိကန် ဆန့််ကျင်မှု စွဲမြဲသော သဘောထား ရှိသူ ဒူတာတေး ထွက်ခွာပြီးနောက်ပိုင်း ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံရေးက ပြန်လည်ဦးမော့လာသည်။

သို့ရာတွင် အဆိုပါ အပြန်အလှန် ကာကွယ်ရေး သဘောတူညီမှု မိတ်ဖက်နှစ်နိုင်ငံအနေဖြင့် မည်သည့် “လက်နက်ကိုင် ထိပ်တိုက်တွေ့မှု” အဖြစ်ခံမလဲဆိုခြင်းနှင့် တရုတ်၏ ရန်စမှုကို မည်သို့ တုံံ့ပြန်မည်ဆိုခြင်းကို ဆုံးဖြတ်ရန် လိုအပ်သည်။ အမေရိကန်စစ်တပ်မှာ ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းကဲ့သို့ ဒေသများမှ ပဋိပက္ခများကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေသော်လည်း Second Thomas Shoal စစ်ထောက်ကူ လုပ်ငန်းစဉ်၌ ၎င်းတို့၏ P-8A လေယာဉ်ဖြင့် စောင့်ကြည့်ပေးလျက် ရှိသည်။

ဖိလစ်ပိုင်၏ BrahMos ကမ်းရိုးတန်းဒုံးကျည်တပ်စု ထားရှိနိုင်ရေး ကြံဆနေခြင်းနှင့် ဘက်စုံသုံး တိုက်လေယာဉ်များ ပိုင်ဆိုင်ရေးတို့က ပို၍ အားဖြစ်စေမည် ဖြစ်သော်လည်း တရုတ်၏ နည်းဗျူဟာကို ကြံ့ကြံ့ခိုင်နိုင်စွမ်းတော့ ရှိမည် မဟုတ်ပေ။

တရုတ်အနေဖြင့် ဖိလစ်ပိုင်အား ကံဆိုးသည် ဖြစ်ရပ်ထဲ တွန်းပို့လိုသည့် ဆန္ဒတော့ ရှိလိမ့်မည် မဟုတ်သည်ကို အချို့သော မှတ်ချက်စကားများက ဖော်ပြနေသည်။ Chinese Global Times သတင်းဌာန၏ အယ်ဒီတာဟောင်း ဟူရှီကျင်းက “မီဒီယာ ကျွမ်းကျင်သူတဦး အနေနဲ့ တရုတ်ဘက်က ပထမဆုံး စတင် မပစ်ခတ်သင့်ဘူးလို့ ကျွန်တော် ခိုင်ခိုင်မာမာ ရပ်တည်တယ်၊ ဒါဟာ တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးအတွက် အခြေခံ သဘောထားလို ကိုင်စွဲထားသင့်တာ ဖြစ်တယ်၊ ဒါပေမဲ့ ဖိလစ်ပိုင်အနေနဲ့လည်း ဂရုတစိုက် နားထောင်သင့်တယ်၊ ဖိလစ်ပိုင်က စပစ်တယ်ဆိုရင်တော့ ကျွန်တော်ဟာ တရုတ်စစ်တပ်ရဲ့ ဖိလစ်ပိုင် သင်္ဘောတွေကို ဇကာပေါက် ဖြစ်သွားအောင် ပစ်ခတ်မှုကို အပြည့်အဝ ထောက်ခံမှာပဲ ဖြစ်တယ်”ဟု ပြောသည်။

စင်ကာပူရှိ S.Rajaratnam School of International မှ ကာကွယ်ရေးနှင့် မဟာဗျူဟာ သုတေသနအဖွဲ့အစည်း၏ အကြီးတန်း အဖွဲ့ဝင် ကောလင်းကို့ရှ်ကမူ “တရုတ်က စပစ်ရန် ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ရဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်ကို ထိုးဆွလိုက်တာ ဖြစ်လိမ့်မယ်၊ ဖိလစ်ပိုင်ကလည်း ရေပိုင်နက် ကာကွယ်ရေးအတွက် စပစ်ရင်လည်း ဒီ သဘောတူညီချက်ကနေ လွတ်မှာ မဟုတ်ဘူး၊ အမေရိကန် ဝင်ပါမပါ ငြင်းချင် ငြင်းလို့ ရပေမယ့် တရုတ် စစ်ရေး အစီအစဉ်ဆွဲသူတွေကတော့ အဲဒီအခါမျိုးမှာ ဘာမှ ဂရုစိုက်နေတော့မှာ မဟုတ်ဘူး”ဟု ပြောသည်။

တရုတ်နှင့် အခြားသော ပိုင်နက်အတည်ပြု နိုင်ငံများကြား တောင်တရုတ်ပင်လယ် ကျင့်ဝတ်စည်းကမ်းများကို တရုတ်က နှစ်များစွာ ဝေ့လည်ကြောင်ပတ် လုပ်နေခြင်းဖြင့် အရာမရောက်မည်က သေချာနေသည်။ ယင်းအစား ဖိလစ်ပိုင်အနေဖြင့် နိုင်ငံတကာ ထောက်ခံသူ အဝန်းအဝိုင်း ကျယ်ပြန့်အောင် လုပ်ရန် လိုအပ်သည်။ အမှန်လည်း နိုင်ငံများစွာက ဖိလစ်ပိုင်ဘက် ထောက်ခံကာ တရုတ်အား ၎င်း၏ အကြမ်းဖက်လုပ်ရပ်များအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်။

ပြီးခဲ့သည့်နှစ်၌ ဖိလစ်ပိုင်သည် အမေရိကန်အား စစ်စခန်းသစ် လေးခုသို့ ဝင်ရောက်ခွင့်အား ခွင့်ပြုပေးလိုက်ရာ အမေရိကန် အသုံးပြုနိုင်သည့် ရှိပြီးသား စစ်စခန်း ငါးခုတွင် ထပ်တိုးပေးလိုက်ခြင်း ဖြစ်သည်။ အမေရိကန်သည် အဆိုပါ စခန်းများမှ ခုနစ်ခုတွင် အခြေခံ အဆောက်အအုံများ တိုးတက်ကောင်းမွန်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀၉ သန်း ရင်းနှီးမြုပ်နှံထားသည်။ ဧပြီ ၁၁ ရက်၌ သမ္မတ ဂျိုးဘိုင်ဒင်သည် သုံးပွင့်ဆိုင် တွေ့ဆုံမှုအဖြစ် သမ္မတ မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့အား တွေ့ဆုံမည်ဖြစ်ရာ ကူညီပံ့ပိုးမှု ကြီးထွားလာခြင်း ပြယုဂ်ပဲ ဖြစ်သည်။

နောက်ထပ် ဥပမာတရပ်မှာ ဂျပန်ရေတပ်သည် ယခုနှစ်၌ တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်-အမေရိကန် စစ်ရေးလေ့ကျင့်မှု၌ တစိတ်တပိုင်း ပါဝင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ယင်း သုံးနိုင်ငံသည် ပြီးခဲ့သည့်နှစ်က သုံးနိုင်ငံ ကမ်းခြေစောင့်တပ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံကလည်း ဩစတြေးလျနှင့် ယူကေတို့ အဆင့်အတိုင်း ဖိလစ်ပိုင်နှင့် “မဟာမိတ်တပိုင်း” အခြေအနေကို မြှင့်တင်ရန် မျှော်လင့်နေသည်။ ဖိလစ်ပိုင်ကို အမေရိကန်၏ ထောက်ပံ့မှုအား တရုတ်က ပြင်းပြင်းထန်ထန် ဝေဖန်နေသည်။ “ဘယ်သူတွေက ပြဿနာ ရှာနေသလဲ တောင်တရုတ်ပင်လယ်အရေမှာ ရန်စနေသလဲ၊ ကျွန်တော်တို့ နှစ်နိုင်ငံကြားက ဘုံနားလည်မှုတွေကို ဘယ်သူက ချိုးဖောက်နေသလဲ၊ ကိုယ့်စကား ကိုယ် မတည်ကြသလဲ၊ တင်းမာမှုကို မြင့်တက်အောင် လုပ်နေသလဲ”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်းကျီအန်က ပြောသည်။

အလားတူပင် ဖိလစ်ပိုင်ရှိ တရုတ်သံရုံးကလည်း “ဝံပုလွေများအား အိမ်ထဲ ဖိတ်ခေါ်ခြင်း” နှင့် “ဂိုဏ်း” ဖွဲ့ခြင်းများက တောင်တရုတ်ပင်လယ်အရေးကို ဖြေရှင်းရာ၌ အကူအညီ ဖြစ်မည် မဟုတ်ဘဲ နောက်ဆုံး၌ နောက်ဆက်တွဲ အကျိုးဆက် ကြုံရမည် ဖြစ်ကြောင်း မှတ်ချက်ပြုသည်။ အလားတူပင် ပြီးခဲ့သည့် လက ၁၄ ကြိမ်မြောက် အမျိုးသား ပြည်သူလွှတ်တော် ဒုတိယမြောက် အစည်းအဝေး ပြောခွင့်ရသူ လော်ကွင်းကျီအန်းက “တရုတ်ဟာ စုဖွဲ့ပြီး ထိပ်တိုက်ဆိုင်တာကို ကန့်ကွက်ပါတယ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဖွင့်လှစ်ထားပါတယ်”ဟု ပြောသည်။

ဖိလစ်ပိုင်သည် တရုတ်၏ ပိုင်နက်အချုပ်အခြာနှင့် ရေပြင်အခွင့်အရေးတို့ လုံခြုံရေးကို ရည်သန်သော တရားဝင်မှုရှိသည့် မြဲမြံသည့် လုပ်ငန်းစဉ်များကို ထိပါးနေကြောင်း ၎င်းက စွပ်စွဲသည်။

သို့ရာတွင် အဆိုပါ ပိုင်နက်ပြဿနာများသည် ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်ရှင်း UNCLOS ၏ အာဏာစက်အတွင်း ရှိနေသည်။ ဖိလစ်ပိုင်က UNCLOS ရေးဆွဲထားသည့် ၎င်း၏ တရားဝင် အထူးစီးပွားရေးဇုန် ပိုင်ဆင်မှုကို ဆုပ်ကိုင်ထားသော်လည်း တရုတ်ကမူ တရားဥပဒေ သက်ဝင်မှု မရှိသည့် “သမိုင်းကြောင်း” အရ ပိုင်ဆိုင်မှု ပြုသော Nine-Dash Line အပေါ်တွင် အခြေတည်၍ ပိုင်ဆိုင်ကြောင်း အတည်ပြုလျက် ရၑှိသည်။

၂၀၁၆ အနုညာတခုံရုံးအမှုတွင် ပါဝင်ရန် တရုတ်က ငြင်းဆန်ပြီး ယင်းခုံရုံး၏ စီရင်ချက်ကိုလည်း လက်မခံပေ။ သို့ရာတွင် ခုံရုံးအနေဖြင့်က တဖက်ဖက်က ဆုံးဖြတ်ချက်အား ငြင်းပယ်သည့်တိုင်အောင် အမှုအား ဆက်လက် စီရင်ကြားနာခွင့် ရှိသည်။ ထိုအတွက်ကြောင့် ခုံရုံး၏ ဆုံးဖြတ်ချက်များ၏ တရားဝင်မှုနှင့် ဥပဒေ သက်ဝင်မှုတို့က တရုတ်၏ ပါဝင်မှုအပေါ် မူတည်မနေပေ။ UNCLOS သဘောတူညီချက်တွင် လက်မှတ်ထိုးထားသည့် တရုတ်အနေဖြင့်လည်း ခုံရုံး၏ အမှု စစ်ဆေးကြားနာမှုကို ကန့်ကွက်နေလင့်ကစား ခုံရုံး၏ အာဏာပိုင်မှုနှင့် ဆုံးဖြတ်ပိုင်ခွင့်တို့နှင့် မလွတ်ကင်းနိုင်ဘဲ ရှိနေတော့သည်။