နတ်မောက်တွင် စစ်မှုထမ်းဥပဒေကို ကူညီဆောင်ရွက်ပေးနေသော ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

ပုံအညွှန်း ။ ။သေဆုံးသွားသည့် ပျူခေါင်းဆောင်ထံမှသိမ်းဆည်းရရှိထားသော ပစ္စည်းများ (ဓာတ်ပုံ။ ။မကွေးပြောက်ကျားတပ်ဖွဲ့)

ပုံအညွှန်း ။ ။သေဆုံးသွားသည့် ပျူခေါင်းဆောင်ထံမှသိမ်းဆည်းရရှိထားသော ပစ္စည်းများ (ဓာတ်ပုံ။ ။မကွေးပြောက်ကျားတပ်ဖွဲ့)

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ တက်ဝန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တိုင်းမြို့ဆိုသူ အား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၂ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

၎င်းသည် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် အုပ်ချုပ်ရေးမှုးနှင့်ပူးပေါင်းကာ လူငယ် ၂၈ ဦးကို ပျူသင်တန်းပေးနေသောကြောင့် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ ခန့်တွင် ဇယ်တောက်နေစဥ် သေနတ်သုံးချက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တိုင်းမြို့က လူငယ်တွေကို စစ်မှုထမ်းသင်တန်းပေးနေတာပါ။ သူက ပျူခေါင်းဆောင်တယောက်ပါ။ တက်ဝန်းအုပ်စု မြောက်ရွာထိပ်က အထက(၁)နားကစျေးဆိုင်မှာ ဇယ်တောက်နေတုန်း ဦးခေါင်းကို သေနတ်နဲ့ သုံးချက်ပစ်ခဲ့တာ နေရာမှာ ပွဲချင်းပြီးသေသွားတယ် ” ဟု Magway Guerrilla Warfare (မကွေး ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

ပျူခေါင်းဆောင်ဆိုသူ တိုင်းမြို့သည် တက်ဝန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းကာ မတ်လအတွင်း တက်ဝန်ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရွာများမှ လူငယ် ၂၈ ဦးကို ပျူစောထီးသင်တန်းများပေးခဲ့သည်ဟု မကွေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အသက် ၄၅ နှစ်အရွယ် ပျူခေါင်းဆောင် တိုင်းမြို့ဆိုသူသည် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ပူးပေါင်း ပြီး ပြည်သူများအပေါ် အတင်းအဓမ္မ အခွန်ကောက်ခြင်း၊ ရဟန်းသံဃာများကို ဆဲဆိုခြင်း၊ စစ်မှုထမ်း ဥပဒေကိုကူညီလုပ်ကိုင်နေခြင်းနှင့် ပျူသင်တန်းပေးနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ပျူခေါင်းဆောင်ဆိုသူထံမှ လက်ကိုင်ဖုန်းတလုံး၊ ဓားရှည်နှင် အတိုတလက်စီတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

ထိုလုပ်ဆောင်မှုကို Magway Guerrilla Warfare -မကွေးပြောက်ကျားတပ်ဖွဲ့၊ Yenanthar Youth Force ရေနံချောင်း၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်-နတ်မောက်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးခရိုင်အတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက်ဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီထောက်တိုင်မှန်သမျှအား တိုက်ခိုက်ခြေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ပေးကြရန် ထုတ်ပြန်ချက်တွင် အသိပေးတိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့နယ်၊ ပျဥ်ချောင်းကျေးရွာနေ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်နှစ်ဦးကို မကွေးပြောက်ကျား တပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

စာတည်း။ ။စောဖေ