အမ်း-ပဒါန်းလမ်းပိုင်းကို “ရက်အကန့်အသတ်မရှိ” အသုံးပြုခွင့် ပိတ်ပင်ကြောင်း AA အရေးပေါ်ကြေညာ

ရွှေနွယ်နှင့် 002

(မဇ္ဈိမ) ။ ။ စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်အမ်းမြို့နှင့် မကွေးတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး၏ အမ်း-ပဒါန်းလမ်းပိုင်းကို “ရက်အကန့်အသတ်မရှိ” အသုံးပြုခွင့်ပိတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဧပြီ ၂ ရက်နေ့)တွင် အရေးပေါ် ကြေညာလိုက်သည်။

မိုင်ပေါင်း ၆၄ မိုင်အရှည်ရှိ အမ်းမြို့နှင့် ပဒါန်းမြို့ကိုဆက်သွယ်ထားသောလမ်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လမ်းဘေးဝဲယာတလျောက် စွန့်လွှတ်မိိုင်းများထောင်ထားခြင်း၊ အင်အားတိုး တပ်ရွှေ့ပြောင်းခြင်းနှင့် ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့်ပါ သယ်ဆောင်နေခြင်းကြောင့် လမ်းပိတ်ရခြင်းဖြစ်သည်ဟု AA ၏ နိုဗာ(၁) စစ်ဒေသက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့အများစုကို သိမ်းထားပြီး တောင်ပိုင်းမြို့များကို သိမ်းရန် တာဆူနေသော ရက္ခိုင့်တပ်တော်သည် Alpha, Beta, Nova (အယ်လ်ဖာ၊ဘီတာ၊နိုဘာ) အမည်များဖြင့် စစ်ဒေသများဖွဲ့စည်းသတ်မှတ်ထားသည်။ ပြန်ဖော်ရန်ရည်ရွယ်ချက်မရှိသော မိုင်းများကို စွန့်လွှတ်မိုင်းများဟု ခေါ်ကြသည်။

“ပဒါန်းက လမ်းဆုံသဘောဖြစ်တယ်လေ။ ဒီဘက်ဆို ရခိုင် အမ်းဘက်ပေါ့။ နောက်ပြီး ပုသိမ်−မုံရွာလမ်းနဲ့ မင်းဘူး−အမ်း လမ်းတွေက(လည်း) ပဒါန်းကဖြတ်တော့ ဆုံလိုဖြစ်နေတယ်။ ပြည်မထဲက ကုန်တွေပစ္စည်းတွေ အမ်းဘက်ပို့ရင် ပဒါန်းကနေပဲဖြတ်သွားရတာ။ လမ်းပိုင်းပိတ်ရင်တော့ ဒေသခံတွေလည်း ခက်ခဲမှာပေါ့။ ခုက ပဒါန်းမှာလည်း လန့်နေရတယ်၊ စစ်ဖြစ်လာမှာကိုး” ဟု ပဒါန်းဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမသို့ ပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အမ်းမြို့မှာ မကွေးတိုင်း​ဒေသကြီးနှင့် နယ်နမိတ်ဆက်စပ်လျက်ရှိပြီး အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ပြည်နယ်ကို မြန်မာပြည်အလယ်ပိုင်း မင်းဘူးမြို့အထိတိုက်ရိုက်ပေါက်သည့် တခုတည်းသောလမ်းမဖြစ်သော အမ်း-မင်းဘူးလမ်းတွင် ပါဝင်သည်။

မတ်လ ၂၆ ရက်နေ့မှစတင်ကာ အမ်း−ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများဖြစ်ပွားနေခဲ့သည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့မြောက်ဘက်တွင် စစ်ကောင်စီတပ် အင်အား ၄၀ ပါစစ်ကြောင်းနှင့် AA တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း မတ်လ ၂၉ ရက်နေ့က AA က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက်တွင်လည်း မတ်လ ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးသည်ဟု ဆိုသည်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို လက်နက်ချအညံ့ခံရန် မြို့ကိုးမြို့ကို သိမ်းထားပြီးဖြစ်သော AA က မတ်လ ၂၉ ရက်နေ့က ရာဇသံပေးထားရာ အာဏာသိမ်းစစ်တပ်၏ စစ်ဌာနချုပ်တခုကို တော်လှန်ရေးတပ်ဘက်က လူသိရှင်ကြား လက်နက်ချခိုင်းမှု ပထမဦးဆုံးဖြစ်လာသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့များနှင့် ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝ၊ ဆီမီးတို့ကိုသိမ်းထားပြီး စစ်စခန်းကြီးငယ်ပေါင်း ၅၀၀ နီးပါးသိမ်းထားပြီးဖြစ်သည်။