ရှီကျင့်ဖျင်၏ အာဏာရှင် စနစ်ပြင်းထန်လာခြင်း နှင့် အတူ တရုတ်ကွန်မြူနစ်ပါတီ ကျဆုံးရန် ဦးတည်လာ

The Singapore Post

တရုတ်ကွန်မြူနစ်ပါတီ (CCP) ခေါင်းဆောင် ရှီကျင့်ဖျင် သည် နိုင်ငံတော်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာ လျှော့ချရန် ဥပဒေကို ပြင်ဆင်ခဲ့သည်။ ယင်းလုပ်ရပ်သည် တပါတီအာဏာရှင်အစိုးရကို အရှိန်အဟုန်ဖြင့် ဖျက်ဆီးပစ်မည်ဖြစ်ပြီး ပါတီ ရာထူးအဆင့်များအတွင်း ဖိနှိပ်မှုနှင့် ရန်လိုမုန်းတီးမှုများ ဖြစ်လာနိုင်ကြောင်း လေ့လာသူများက အခိုင်အမာဆိုသည်။

မတ် ၁၁ တွင် ပြုလုပ်သော အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တွင် တရုတ်ကွန်မြူနစ်ပါတီ မှ အသစ်ပြန်လည် ပြင်ဆင်ထားသော နိုင်ငံတော်ကောင်စီ၏ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေကို အတည်ပြုခဲ့ပြီး ဆယ်စုနှစ် လေးစု အတွင်း ပထမဆုံး ပြင်ဆင်မှု ဖြစ်သည်။ ပြန်လည်ပြင်ဆင်သော ဥပဒေတွင် ကွန်မြူနစ်အစိုးရသည် ပါတီဗဟိုကော်မတီ၏ ဗဟိုဦးဆောင်မှုဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ညွှန်ကြားချက်များကို ချုပ်ကိုင်ထားပြီး ရှီ ၏ ခေါင်းဆောင်မှု နေရာကို ဦးစားပေးထားသည်။

ပြင်ဆင်မှုအရ “အစိုးရ” သည် “ပါတီ” ကို ဥပဒေပြု၍ သစ္စာစောင့်သိ စေပြီး ရှီ သည် နိုင်ငံတော် ကောင်စီ ၏ ထင်ရှားသော ဦးဆောင်သူ အဖြစ် ကိုယ်စားပြုနေသည်။ အဆိုပါ ပြင်ဆင်သော ဥပဒေမူကြမ်းကို ညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး အသစ်ခန့်အပ်သော နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီကျင်း သည် ရှုပ်ထွေးသော အမူအရာ ရှိနေကြောင်း လေ့လာသူများက မှတ်ချက်ပြုသည်။ ဝန်ကြီးချုပ်သည် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPPCC) အစည်းအဝေးများတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ အများပြည်သူသို့ တရားဝင်ရှင်းလင်း ပြောကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် ဝန်ကြီးချုပ်သည် တရုတ်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် (CDF) တွင် ကမ္ဘာ့ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်မဟုတ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ CDF ဖိုရမ် ကို ပေကျင်းရှိ Diaoyutai State ဧည့်ဂေဟာ တွင် ၂၀၂၀ ကတည်းက နှစ်စဉ်ကျင်းပလာခဲ့ပြီး ယခင်က တရုတ်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားလုပ်ငန်းများ၏ ကိုယ်စားလှယ်များကြား အပြန်အလှန် တွေ့ဆုံဆွေးနွေးမှုသည် ဖိုရမ် ၏ အဓိက အစိတ်အပိုင်း ဖြစ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဗျူရိုကရေစီစနစ်တွင် တည်ဆောက်ထားသော ရာထူးဖွဲ့စည်းပုံအရ အစိုးရအုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ်၏ အခန်းကဏ္ဍမှာ လျော့နည်းသွားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် တက်ရောက်ခြင်းရှိ၊ မရှိကို အတည်ပြုရန် အချိန်ယူရမည်ဖြစ်ကြောင်းလွတ်လပ်သော စာရေးဆရာ ဇူဂျီမင်းယန် မှ ပြောကြားသည်။

ဝန်ကြီးချုပ်သည် ၎င်း၏အုပ်ချုပ်မှု တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ကျင့်သုံးနိုင်မည် မဟုတ်ဘဲ ဆိုးဝါးသော အာဏာရှင်စနစ်သို့ မလွှဲမရှောင်သာ ဦးတည်သွားလိမ့်မည် ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ကျဆုံးသွားမည် ဖြစ်ကြောင်း ဇူဂျီ က ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်သည် အာဏာကို မက်မောတမ်းတကြောင်း ဘေဂျင်းရှိ Capital Normal တက္ကသိုလ်မှ ဆရာ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ လီယွမ်ဟွာက အင်တာဗျူးတခုတွင် ပြောကြားသည်။ ရှီ သည် အစိုးရအဖွဲ့ ထံမှ အာဏာပိုမို ရယူ ပြီး ၎င်း ၏ ကိုယ်ကျိုးအတွက် လုပ်ဆောင်လာသည်။ ၎င်းမှာ ပါတီတွင်းရှိ အခြားလူများကို အင်အားနည်းလာစေသော်လည်း အာဏာရှင်စနစ်ကို ဆက်လက်ထိန်းထားရန် ခက်ခဲသည်။

ထို့ကြောင့် ခေါင်းဆောင် ရှီ သည် အာဏာပိုရနေပါက တရုတ်ကွန်မြူနစ်ပါတီ သည် အင်အားနည်းလာပြီး နောက်ဆုံးတွင် ပြိုကွဲသွားနိုင်သည်။ သို့သော် ရှီသည် ၎င်း၏ အာဏာ ကို ဘေးကင်းစွာ ထိန်းသိမ်းနိုင်ရန် ပိုမို အားကောင်းအောင် ကြိုးစားလာမည် ဖြစ်ပြီး ၎င်း မှာ ပါတီ ပြိုကွဲနိုင်သည်အထိ ဖြစ်လာနိုင်သည်။

ယခင် က နိုင်ငံတော်ကောင်စီနဲ့ ဗဟိုကော်မတီ ဟူ၍ ဌာနကြီး နှစ်ခု ရှိ ပြီး နောက်ပိုင်းတွင် သီးခြား ဖြစ်သွားသည်။ ၁၉၄၉ မှစ၍ နိုင်ငံတော်ကောင်စီသည် ဗဟိုကော်မတီ၏ အစိတ်အပိုင်းတခု ဖြစ်ခဲ့သော်လည်း ၁၉၅၄ အထိ လွတ်လပ်စွာ ရပ်တည်ခဲ့သည်။ ပြင်ဆင်မှုသည် နိုင်ငံတော်ကောင်စီ၏ ဖွဲ့စည်းပုံဥပဒေအား ပြောင်းလဲခဲ့ပြီး ယင်းသည် လွတ်လပ်မှုအချို့ကို ဆုံးရှုံးစေသည်။

ရှီသည် တရုတ်ကွန်မြူနစ်အစိုးရ တည်ထောင်သူ မော်စီတုံးထက်ပင် ပါတီ၊ နိုင်ငံရေးနှင့် စစ်ရေးအာဏာများကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသည့် တခုတည်းသော ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်ကြောင်း မစ္စတာ ဇူဂျီ က မှတ်ချက်ပေးခဲ့သည်။

ရှီ သည် နိုင်ငံတော်ကောင်စီကို တရားဝင်အစိုးရရုံးအဖြစ် ပြန်လည်ပြောင်းလဲရန် ဆွေးနွေးပွဲနှစ်ခု တွင် အခွင့်အရေးကို ရယူခဲ့ပြီး ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန် ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ ကို လုံးဝစွန့်လွှတ်ကြောင်း ပြောကြားခဲ့သည်။ ကွန်မြူနစ်ပါတီ အကြီးအကဲ ရှီ သည် နိုင်ငံတော်ကောင်စီအပေါ် အာဏာသိမ်းမှု အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ရှီသည် နှစ်ပေါင်းများစွာတွင် နိုင်ငံ ၏ စီးပွားရေး၊ သံတမန်ရေးနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ အမျိုးမျိုးကို ထူထောင်ခဲ့ပြီး နိုင်ငံတော်ကောင်စီ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များကို သိမ်းယူခဲ့ကြောင်း လေ့လာဝေဖန်သူ တန်ဂျင်းယန် က ပြောသည်။ ယခင် က သဘာပတိအဖြစ် ဝန်ကြီးချုပ်က တာဝန်ယူခဲ့သော Central Financial Leadership Group ကို ယခုအခါ ရှီ ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်နေသည်။ ရှီ သည် အမျိုးသားလုံခြုံရေးကောင်စီကို ဦးဆောင်သည်။ တိန့်ရှောင်ဖိန်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုပုံစံ ကို လျစ်လျူရှုခြင်း နှင့် မော်စီတုံး၏ အစွန်းရောက်နိုင်ငံရေး အုပ်ချုပ်မှုသည် တရုတ်ကွန်မြူနစ်ပါတီ ပြိုလဲခြင်းကို တားဆီးနိုင်မည်မဟုတ်ကြောင်း မစ္စတာတန်က ထောက်ပြခဲ့သည်။

တိန့်ရှောင်ဖိန် သည် စီးပွားရေးတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြင့် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးခဲ့ပြီး စျေးကွက်စီးပွားရေး ကို အကောင်အထည်ဖော်ရာတွင် တင်းကျပ်မှုများ ကို ပြေလျော့၍ တက်ကြွစွာ အကောင်အထည်ဖော်ရန် မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။ သို့သော် တိန့်ရှောင်ဖိန် သည် ပါတီ၏ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်းမပြုခဲ့သဖြင့် နိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်အုပ်စုများ ပေါင်းစပ်ဖွဲ့စည်းကာ ပါတီအတွင်း မမြင်နိုင်သော အာဏာခွဲဝေမှုကို ဖြစ်ပေါ်စေခဲ့သည်။

ရှီကျင့်ဖျင်သည် တိန့်ရှောင်ဖိန် ၏ ချဉ်းကပ်မှုကို စွန့်လွှတ်ပြီး ပုဂ္ဂလိကကဏ္ဍကို ပြင်းထန်စွာ နှိပ်ကွပ်လိုက်ခြင်းကြောင့် တရုတ် စီးပွားရေးသည် မြင့်မားသောတိုးတက်မှုမှ လျင်မြန်စွာ ဆုတ်ယုတ်သွားကြောင်း ၎င်း က မှတ်ချက်ပြုခဲ့သည်။ တနည်းဆိုရသော် ရှီသည် လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ အတွင်း တရုတ် ၏ စီးပွားရေး တိုးတက်မှုအင်အားများကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ရှီသည် မော်စီတုန်း ၏ ခေါင်းဆောင်မှု ပုံစံကို ရွေးချယ်ခဲ့သည်။ အာဏာကို အကြွင်းမဲ့ ဗဟိုချုပ်ကိုင်ခြင်းသည် ကွန်မြူနစ်ဝါဒအောက်တွင် မော်စီတုံး ၏ အမှားများကို ထပ်ခါတလဲလဲ ကျူးလွန်ပြီး မိမိကိုယ်ကို အထီးကျန်ပုဂ္ဂိုလ် ဖြစ်စေကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

မော်စီတုံး ၏ အုပ်ချုပ်မှု ပုံစံသည် အမြင်တွင် သာ တည်ငြိမ်ပုံပေါ်လွင်ပြီး ပြင်းထန်သော ဖိအားအခြေအနေကို ဖန်တီးပေးကြောင်း တန်က ပြောသည်။ ရှီကိုယ်တိုင်ရွေးချယ်ထားသော ကာကွယ်ရေးဝန်ကြီး လီရှန်ဖု နှင့် နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း တို့ကို ဖယ်ရှားလိုက်ခြင်းသည် တရုတ်ကွန်မြူနစ်ပါတီ ၏ မိမိကိုယ်ကို ပျက်စီးစေသော ဆိုးရွားသည့် အရေးယူမှုများဖြစ်ပြီး ပါတီတွင်း ရန်လိုမှုများ တိုးလာစေသည်။ ထို့ပြင် ရှီသည် တပါတီ အာဏာရှင်စနစ်သို့ စတင်ခဲ့ခြင်းသည် ပါတီ ကို ကယ်တင်ရန် သာမက ၎င်း၏ အုပ်ချုပ်မှုအတွင်း ထိုင်ဝမ်ကို အင်အားသုံး ပြန်လည်ပေါင်းစည်းရန် ဖြစ်သည်။ သို့သော် ရှီ ၏ ရည်မှန်းချက်များ မအောင်မြင်နိုင်ဘဲ တရုတ်ကွန်မြူနစ်ပါတီ ပြိုကွဲမှုကို ဦးတည်နေကြောင်း တန် က ဆိုသည်။