လောင်းလုံးမှ ပျောက်ဆုံးသူ ၂ ဦးသည် PDF များ မဟုတ်ပါ

JC

(မဇ္ဈိမ)။ ။ လောင်းလုံးက ပျောက်ဆုံးနေသူနှစ်ယောက်ဟာ PDF တွေဖြစ်ပြီး သေဆုံးသွားပြီ ဆိုတဲ့ သတင်းဟာ ဓါတ်ပုံအလွဲတွေနဲ့ ပျံ့နေပါတယ်။

အမဲလိုက်မုဆိုးကြီးသတင်းမှန် တယ်လီဂရမ်ချန်နယ်ကနေ ဧပြီလ ၃ ရက်နေ့မှာ “လိုင်းပေါ်တင်ပြီး ဘုရားဖူးလူငယ်နှစ်ဦးလို့ဂျင်းထည့်တာမရှက်ဘူးလား” ဆိုပြီး လောင်းလုံးမှာ ဘုရားဖူးသွားရင်း ပျောက်ဆုံးနေတဲ့ လူငယ်နှစ်ယောက်ဟာ PDF တွေဖြစ်ပြီး သေဆုံးသွားပြီဖြစ်တယ်လို့ ဓါတ်ပုံ လေးပုံနဲ့အတူ ဖြန့်ဝေထားတာပါ။

ဒီအကြောင်းကို မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့တာမှာ ဓါတ်ပုံနဲ့ အကြောင်းအရာတွေက လွဲမှားနေတာကို တွေ့ရပါတယ်။ တယ်လီဂရမ်မှာ ဖြန့်ဝေထားတဲ့ ပထမဆုံးပုံဟာ Dawei Watch သတင်းဌာနကနေ ဧပြီလ ၂ ရက်နေ့မှာ ဖော်ပြထားခဲ့တဲ့ “လောင်းလုံးတွင် ဘုရားဖူးသွားသည့် လူငယ်နှစ်ဦး ပျောက်ဆုံးနေ” ဆိုတဲ့ သတင်းအကြောင်းအရာပါ။
စစ်ပြဲရွာခံ အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ယောက်ဟာ မတ်လ ၃၁ ရက်နေ့မှာ လောင်းလုံးမြို့နယ်၊ ရှင်မော်ဘုရားဘက် ဘုရားဖူးသွားပြီး သုံးရက်ကြာတဲ့အထိ ပျောက်ဆုံးနေတာဖြစ်တယ်လို့ Dawei Watch က သတင်းဖော်ပြထားပါတယ်။
လင့် – t.ly/CYlD7

ပျောက်ဆုံးနေတဲ့ လူငယ်နှစ်ယောက် သေဆုံးသွားပြီဆိုပြီး ဖော်ပြထားတဲ့ ဒုတိယပုံဟာ မတ်လ ၃၀ ရက်နေ့ တနင်္သာရီမြို့နယ်၊ သမုတ်ချုံးရွာမှာ စစ်ကောင်စီရဲ့ အလစ်ဝင်ရောက်တိုက်ခိုက်မှုကြောင့် Dragon Squad-TNI၊ UAV Force တပ်ဖွဲ့ဝင် ရဲဘော် X-Ray နဲ့ ရဲဘော် နှုတ်ခမ်းမွေး တို့ ကျဆုံးသွားတဲ့ ပုံတွေပါ။ လူငယ်နှစ်ယောက် ပျောက်ဆုံးသွားတဲ့နေ့ဟာ မတ်လ ၃၁ ရက်နေ့ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ယောက်က လူငယ်တွေပျောက်ဆုံးတဲ့နေ့မတိုင်ခင်မှာ ကျဆုံးခဲ့ရတာပါ။ ဒါကိုလည်း Dawei Watch မှာ သတင်းဖော်ပြထားပါတယ်။
လင့် – t.ly/HBjKK

သတင်းမှားမှာ သုံးထားတဲ့ နောက်ထပ်ပုံနှစ်ပုံကလည်း ကျဆုံးသွားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပုံမဟုတ်သလို ပျောက်ဆုံးနေတဲ့ လူငယ်နှစ်ယောက်ရဲ့ ပုံလည်း မဟုတ်ဘူး။ ဒီအကြောင်းကိုတော့ ပုံထဲမှာ ပါဝင်တဲ့ ကာယကံရှင်ဖြစ်သူကိုယ်တိုင်က မဇ္ဈိမကို ပြောပါတယ်။

ဒါကြောင့် လောင်းလုံးက ပျောက်ဆုံးနေသူနှစ်ယောက်ဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေဆုံးသွားပြီဖြစ်ကြောင်း ဖြန့်ဝေထားတာဟာ သတင်းအကြောင်းအရာ နှစ်ခုကို ရောထွေစေပြီး လွဲမှားစွာဖန်တီးထားတဲ့ သတင်းတုပဲ ဖြစ်ကြောင်းပါရှင်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူတွေအနေဖြင့် သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေနဲ့ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး အချက်အလက် ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။