ဒုဗိုလ်မှူးကြီး ပြုံး၍ သေဆုံးနေသည့်ပုံသည် ပြုပြင်ထားသည့်ပုံသာဖြစ်

JC

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ စဉ်းကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာတိုက်ပွဲမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးရဲ့ ပြုံနေတဲ့ပုံက အမှန်တကယ်မသေဆုံးဘဲ ဖန်တီးရိုက်ကူးထားတယ်လို့ ဖြန့်ဝေနေကြပါတယ်။

“Aung Min” အမည်နဲ့ တယ်လီဂရမ် ချန်နယ်ကနေ ဧပြီလ ၃၀ ရက်နေ့မှာ “မင်းတိုလိမ်တာတွေကို မင်းတိုကိုယ်တိုင်ဘဲ ပြန်ဖေါ်ကုန်ပြီဟ !!! ဓါတ်ပုံမရုက်ခင်နဲ့ ရိုက်ပြီး ‌ေ-ာက်ခွက်ကိုကြည့်ကြပါအုံးကွာ !!!!” လို့ (မူရင်းအရေးအသားအတိုင်း) ရေးသားပြီး ပုံ နှစ်ပုံနဲ့အတူ ဖြန့်ဝေထားပါတယ်။ ပုံတွေကတော့ စစ်ကောင်စီတပ်ရဲ့ ဝတ်စုံဝတ် စစ်သားတဦး လဲကျသေဆုံးနေတဲ့ပုံကို ပြုံးနေတဲ့ပုံနဲ့ အသက်မရှိတော့တဲ့ပုံ နှစ်ပုံပါ။

ဒီအကြောင်းကို တခြား တယ်လီဂရမ်နဲ့ ဂရု ၁၇ ခုမှာ ပျံ့နှံ့နေပါတယ်။ ဖေ့ဘုတ်မှာလည်း “မိုးမြင့်မြင့်စံ” အကောင့်ကနေ စတင်ပြီး မေလ ၁ ရက်နေ့မှာ တခြားဓါတ်ပုံ ခုနစ်ပုံနဲ့အတူ သေဆုံးနေတဲ့ စစ်သားတယောက် ပြုံးနေတဲ့ပုံကိုပါ ထည့်သွင်း ဖော်ပြထားပြီး လုပ်ကြံရိုက်ကူးထားတဲ့ ပုံတွေဖြစ်ကြောင်း ဖြန့်ဝေထားပါတယ်။

မဇ္ဈိမကနေ ဒါကို အချက်အလက်စစ်ဆေးခဲ့တာမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး ပြုံးနေတဲ့ပုံဟာ မူရင်းသေဆုံးသူပုံကို ပြန်လည် ပြုပြင်ထားတဲ့ ပုံဖြစ်နေတာကို တွေ့ရပါတယ်။

ဒီပုံရဲ့ မူရင်းဟာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် MDY PDF က ဧပြီလ ၃၀ ရက်နေ့မှာထုတ်ပြန်တဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာစခန်းသိမ်းတိုက်ပွဲက ပုံဖြစ်ပါတယ်။ ဧပြီ ၂၈ ရက်နေ့က အဲ့ဒီတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ တေဇ (၂၈) စစ်အရာရှိသင်တန်းဆင်း တတက(၁၃) အုပ်ချုပ်မှုဌာန ဌာနမှုး ဒုတိယဗိုလ်မှုးကြီး တင်ကို သေဆုံးတဲ့ရုပ်အလောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။ မူရင်းပုံမှာ ပြုံးနေတာမရှိပါဘူး။

ဒါ့အပြင်အဲ့ဒီ ဝါးပိုးချပ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေလက်နက်ချအညံ့ခံတဲ့ ရုပ်သံဖိုင်ကိုပါ MDY PDF က ထုတ်ပြန်ထားပါတယ်။ ဒီရုပ်သံထဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ချဖို့ ပြောပြီးနောက် စခန်းကနေ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရမယ့်အပြင် ဒဏ်ရာရ နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆေးကုသပေးနေတာနဲ့ သေဆုံးနေတဲ့ ဒုဗိုလ်မှူးကြီး တင်ကို ရဲ့ ရုပ်အလောင်းကိုပါ မြင်တွေ့ရမှာပါ။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး တင်ကို အပါအဝင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းကို မဇ္ဈိမ အပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေဖြစ်ကြတဲ့ Myanmar Now၊ BBC မြန်မာပိုင်း၊ RFA Burmese စတဲ့ သတင်းဌာနတွေမှာ သတင်းဖော်ပြထားခဲ့ကြပါတယ်။
လင့် – t.ly/fza-9 , t.ly/5VHIY , t.ly/6m_j7 , t.ly/CdqY6

ဒါကြောင့် စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီး တင်ကို ပြုံးနေတယ်ဆိုတဲ့ ဓါတ်ပုံဟာ မူရင်းသေဆုံးသူပုံကို နည်းပညာသုံးပြီး ပြုံးနေတဲ့ မျက်နှာဖြစ်အောင် ဖန်တီးထားတဲ့ ပုံပါ။ စစ်ကောင်စီတပ် ထောက်ခံသူတွေ ပြောနေသလို လုပ်ကြံဖန်တီးပြီး ရိုက်ကူးထားတဲ့ ပုံမဟုတ်ပါဘူး။

လက်ရှိကာလမှာ နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အတူ လူတွေရဲ့ မျက်နှာပုံကို ပြုပြင်ပြောင်းလဲလို့ရတဲ့ Photoshop လို ဆော့ဝဲအပြင် Face App, You Cam Makeup, Facelab စတဲ့ အက်ပလီကေးရှင်းတွေနဲ့ပါ အလွယ်တကူ ပြုပြင်ပြောင်းလဲလို့ရနေပြီဖြစ်ပါတယ်။ ဒါကြောင့် ပရိတ်သတ်တွေအနေနဲ့ အချို့အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့နဲ့ သတင်းတွေကို သတိထားဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးစေချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။