ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်အတွက် ရွာ ၇ရွာရှိ ဒေသခံများ တိမ်းရှောင်နေရ

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဧပြီလ ၅ ရက်နေ့ နံနက် ၄ နာရီ အချိန်မှစတင်၍ ကျေးရွာ ခုနှစ်ရွာရှိ ဒေသခံများ တိမ်းရှောင်နေရသည်ဟု ဒေသခံထံက သိရသည်။

“မနက်စောစော ရုတ်တရက် စစ်ကြောင်းထိုးလာတော့ ဝရုန်းသုန်းကား အကုန်ထွက်ပြေးကြရတယ်။ ဒေသခံ တော်တော်များများက ကြိုတင် စစ်ရှောင်နေကြတာလည်းရှိတယ်”ဟု ဒေသခံတဦးက ပြောသည်။

လတ်တလောတွင် ဒေသခံအများအပြား တိမ်းရှောင်နေရကြပြီး ယခုရက်ပိုင်းအတွင်း နေအပူချိန်ပိုမြင့်လာသည့်အတွက် စစ်ရှောင်သက်ကြီးရွယ်အိုများ ကျန်းမာရေးအတွက် စိုးရိမ်ရသည်ဟု ၎င်းကပြောသည်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ)မှ အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့က ပုသိမ်- မုံရွာ လမ်းဘေးရှိ ကျေးရွာများမှ တဆင့် ယင်းမာပင် အနောက်ခြမ်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း မဇ္စျိမ၏ မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

“သံချပ်ကာ ကားနှစ်စီးက ရှေ့ကနေ မိုင်းရှင်းလင်းရေးတွေလုပ်ပြီး နောက်ကခြေလျင်စစ်ကြောင်းက တန်းလိုက်လာတာ ဖြစ်တယ်။ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှုတွေလည်း မရှိသေးတော့စစ်ကြောင်းက တရွာဝင်တရွာထွက် သွားချင်ရာကို အေးအေးဆေးဆေး သွားနေနိုင်တာ ဖြစ်တယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ယခုစစ်ကောင်စီတပ် စစ်ကြောင်းမှာ ဒေသခံများကို စည်းရုံးရေးအသွင်ဆောင်သည့် အပြုအမူများ ပြုလုပ်လာသည်များရှိနေ၍ အယုံမလွယ်ကြရန် ယင်းမာပင်ခရိုင် တပ်ရင်း(၂၉) တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီတပ်တွေက အခုနောက်ပိုင်း ထွက်ပြေးကြတဲ့ အိမ်တွေမှာ စာတွေလိုက်ကပ်တယ်။ အိမ်မှာအေးဆေးနေကြပါဆိုပြီး။ စစ်ရှောင်တွေနဲ့လမ်းမှာတွေ့ရင် စစ်တပ်နဲ့ ပူးပေါင်းပါဝင်ဖို့ အေးဆေးပြောတာမျိုးတွေ ရှိလာတယ်။ ဆက်သွယ်ရေးစက်မိတဲ့ သူကိုတောင် ပြန်လွှတ်တာတွေရှိလာတယ်။ ဘာကြောင့် ဒါမျိုးတွေ လုပ်လာတယ်ဆိုတာ မသိပေမဲ့ လူထုအနေနဲ့ အယုံမလွယ်ကြဖို့ ပြောချင်ပါတယ်”ဟု ယင်းမာပင် ခရိုင်တပ်ရင်း(၂၉)တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ယခု အခါ ယင်းမာပင်မြို့နယ် စည်လှောင် ကျေးရွာသို့ ရောက်ရှိနေပြီး ယင်းစစ်ကြောင်း ရန်ကြောင့် ရေကြည်ပင်၊ မြရိပ်၊ ထန်းတောကြီး၊ အောင်ချမ်းသာ၊ စည်လှောင်၊ ရွှေပန်းခိုင်စသည့် ကျေးရွာများမှ ဒေသခံ ၈၀၀၀ ခန့် စစ်ရှောင်နေကြရသည်ဟု ဒေသခံထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ