PNLO/PNLAကို လူမှုအဖွဲ့အစည်းပေါင်း ၁၉၄ ဖွဲ့က ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု

ZZ

(မဇ္ဈိမ) ။ ။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA)ကို လူမှုအဖွဲ့အစည်းပေါင်း ၁၉၄ ဖွဲ့က ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်စောင် ဖေ့စ်ဘုတ်မှာ ပျံ့နှံ့နေပါတယ်။

“Pa-Oh-ပအိုဝ်း” ဆိုတဲ့ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုက ဧပြီ ၅ရက်နေ့မှာ “ငြိမ်းချမ်းသည့် ပအိုဝ်းဒေသအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) ကို လူမှုအဖွဲ့အစည်းပေါင်း ၁၉၄ဖွဲ့က ကန့်ကွက်ရှုတ်ချ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ချက်တစ်စောင်ဖြန့်ဝေခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ “ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့သည် စစ်အာဏာရှင်ကို တိုက်ခိုက်ရန်အကြောင်းပြပြီး ပအိုဝ်းဒေသကို ဖျက်ဆီးခဲ့ခြင်းကြောင့် ကန့်ကွက်ရှုတ်ချပါသည်” လို့လည်း ရေးသားထားပါသေးတယ်။
အဲ့ဒီပို့စ်ကို ပြန်လည်ပြန့်ဝေမှု ၆၄ ခုရှိနေပြီဖြစ်ပါတယ်။

မဇ္ဈိမရဲ့ အချက်အလက်စစ်ဆေးသူတွေက ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဒီထုတ်ပြန်ချက်ဟာ တမင်ဖန်တီးထားတဲ့ ထုတ်ပြန်ချက် ဖြစ်နေတာကို တွေ့ရပါတယ်။

Pa-O Youth Oragnization (ပအိုဝ်းလူငယ်အဖွဲ့အစည်း) က ဧပြီ ၅ ရက်နေ့မှာပဲ အဲ့ဒီစာမျက်နှာက ထုတ်ပြန်ချက်ဟာ လုပ်ကြံဖန်တီးပြီး ရေးသားထားတဲ့ သတင်းတုဖြစ်တဲ့အကြောင်းနဲ့ ပအိုဝ့်လူငယ်အစည်းအရုံး (PYO) အပါအဝင် တနိုင်ငံလုံးက လူမှုအဖွဲ့အစည်းတွေရဲ့ အမည်တွေကို သဘောထားဆန္ဒ တောင်းခံခြင်းမရှိဘဲ အလွဲသုံးစားလုပ်ပြီး ယူသုံးထားတယ်လို့ ဆိုပါတယ်။ လင့် – https://shorturl.at/emHNZ

အဲ့ဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့အဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ Myanmar Cultural Research Society (MCRS) အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ကိုရဲဟိန်းအောင်ကို မဇ္ဈိမက မေးမြန်းခဲ့ရာမှာလည်း ဒါဟာ ထုတ်ပြန်ချက်အတုဖြစ်ကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ MCRSအနေနဲ့ ဒီထုတ်ပြန်ချက်မှာ ပါဝင်ပြီး endrose (ထောက်ခံအတည်ပြု) ထားတာလည်းမရှိဘူး။ အဲ့ဒါကို ကျနော် အခိုင်အမာပြောလို့ရတယ်။” လို့ ပြောပါတယ်။

ဆက်လက်ပြီးတော့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒမပါဝင်ဘဲ ထုတ်ပြန်တဲ့ စာတစောင်ဖြစ်ကြောင်းကိုလည်း သူက ဒီလို သုံးသပ်ထားပါတယ်။
“ဒီထုတ်ပြန်ကြေငြာချက်နဲ့ ပတ်သက်ပြီး သုံးသပ်ရမယ်ဆိုရင် အဖွဲ့အစည်းတော်တော်များများပေါ့ ဒီထဲမှာပါဝင်နေပြီး အခုထိ လုပ်ကိုင်နေတဲ့ ပြည်သူ့အကျိုးပြုနေတဲ့ အရပ်ဖက်အဖွဲ့အစည်း တော်တော်များများသည် ဆက်လက်ပြီး လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်နေတဲ့အဖွဲ့အစည်း တော်တော်များများ ရှိနေတာကို သိရတယ်။ သူတို့နဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း သူတို့ကိုယ်တိုင်လည်း ဒီထဲမှာ မပါဝင်ဘူး။ ဆိုတော့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒမပါဝင်ဘဲနဲ့ လုပ်ကြံထားပြီး သတင်းတု သတင်းမှားအနေနဲ့ ထုတ်ဝေဖြန့်ချိတဲ့ စာတစောင်ဖြစ်တယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ချင်ပါတယ်ခင်ဗျ”

ထပ်မံပြီး ထုတ်ပြန်ချက်ရဲ့ ဆက်သွယ်ရန်ထဲမှာ ပါဝင်တဲ့ ခွန်ခေတ်စံကို မဇ္ဈိမ မေးမြန်းတဲ့အခါမှာလည်း ဒီထုတ်ပြန်ဟာ အတုဖြစ်ကြောင်း စာနဲ့ အတည်ပြုပါတယ်။

ဒီအဖွဲ့​​တွေထဲမှာ ပါတဲ့ အဖွဲ့တခုရဲ့ အမှု​ဆောင် ဒါရိုက်တာ အမျိုးသမီး တဦးကလည်း ဒီထုတ်ပြန်ချက်ဟာ အတုဖြစ်တဲ့အကြောင်းကိုလည်း မဇ္ဈိမကို စာနဲ့ အတည်ပြုထားပါသေးတယ်။

ဒါ့ကြောင့် PNLO/PNLA အဖွဲ့ကို လူမှုအဖွဲ့အစည်းပေါင်း ၁၉၄ဖွဲ့က ကန့်ကွက်ရှုတ်ချတယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုအဖြစ်သလို အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒမပါဘဲ လုပ်ကြံထားတဲ့ ထုတ်ပြန်ချက်ပဲ ဖြစ်ကြောင်း ဖော်ထုတ်လိုက်ရပါတယ်။

မဇ္ဈိမရဲ့ သတင်းဖတ်ရှုသူတွေအနေဖြင့် သတင်းတုလို့ သံသယရှိတဲ့ အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေနဲ့ သတင်းမှားတွေကို ဒီလင့် ” t.ly/AjFbz ” ထဲဝင်ပြီး အချက်အလက် ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါတယ်။