သင်္ဃန်းညီနောင်ဗျူဟာမှ စစ်ကောင်စီတပ်သား ၅၀၀ ကျော် လက်နက်ချ

စဗခ (သင်္ဃန်းညီနောင်) မှ သိမ်းဆည်းရမိခဲ့သည့် လက်နက်များနှင့် လက်နက်ချ စစ်ကောင်စီတပ်သားများ (ဓါတ်ပုံ- KNU)

YT

မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) လက်အောက်ခံ သင်္ဃန်းညီနောင် စစ်ဗျူဟာအခြေချ (စဗခ)မှ စစ်ကောင်စီတပ်သား ၅၃၆ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီိတပ် အရာရှိအဆင့်ရှိသူ ၆၇ ဦး၊ တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦး စုစုပေါင်း စစ်ကောင်စီတပ်သား ၅၃၆ ဦး အပါအဝင် တပ်မိသားစု ၈၁ ဦးလည်း အတူဝင်ရောက်လာဖြင့် စုစုပေါင်း ၆၁၇ ဦးရှိသည်ဟု KNU ကဖော်ပြထားသည်။

ထိုစခန်းကို ဧပြီလ ၅ ရက်နေ့၊ နံနက် ၈ နာရီမှစတင်၍ KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငါးနာရီအကြာ နေ့လယ် ၁ နာရီအချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများသည် ထို စခန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၆၈ မှစတင်၍ နှစ်ပေါင်း ၅၀ ကျော်ကြာ ထိုစခန်းတွင် စစ်ကောင်စီက အခြေချနေခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ပိုင်ဆိုင်သည့် လက်နက်ကြီး၊ သေနတ်၊ ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိကြောင်း KNU က ဆိုသည်။

သင်္ဃန်းညီနောင်တွင် စဗခ (သင်္ဃန်းညီနောင်) ရှိနေခြင်းကြောင့် ဒေသတွင်းရှိ တိုင်းရင်းသားလူမျိုးများ​၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများ ထိခိုက် ကျဆင်းစေကာ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်စေပြီး လူထုမှာ အကြောက်တရားဖြင့် နေထိုင်နေရသောကြောင့် စဗခကို သိမ်းပိုက်ရခြင်းဖြစ်ကြောင်း KNU က ဆိုသည်။

လက်ရှိတွင် အဆိုပါ လက်နက်ချ စစ်ကောင်စီတပ်သားများကို ရွှေကုက္ကိုလ်တွင် ထိန်းသိမ်းထားကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသော်လည်း မဇ္ဈိမမှ အတည်ပြုနေဆဲဖြစ်သည်။

အလားတူ ယမန်နေ့ ဧပြီလ ၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင်လည်း သင်္ဃန်းညီနောင်- မြဝတီလမ်းဘေး၊ မြဝတီမြို့အဝင်ရှိ ခြေလျင်တပ်ရင်း ခလရ (၂၇၅) မှ စစ်ကောင်စီတပ်သား ရာနှင့်ချီ အလံဖြူထောင် လက်နက်ချခြင်း ရှိသည်ဟု မြေပြင်ရဲဘော်က ပြောသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

မြဝတီမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသည်မှာ ယနေ့ ဧပြီလ ၇ ရက်နေ့တွင် တလပြည့်ပြီဖြစ်ပြီး တလအတွင်း စစ်ကောင်စီ​၏ ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) နှင့် သင်္ဃန်းညီနောင် ဗျူဟာ၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ဖလူးစခန်း၊ လေးကေ့ကော် ရေကန်ကုန်းကာကင်းစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး