တရုတ်အာဏာပိုင်များက သဘောထားကွဲလွဲသူ မိသားစုများကို ဆက်လက် ဖိနှိပ်နေ

(ပုံစာ - ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်၌ ဟောင်ကောင်ရှိ တရုတ်ဆက်ဆံရေးရုံး အပြင်ဘက်တွင် ဖမ်းဆီးခံ လူ့အခွင့်အရေး ရှေ့နေအား ထောက်ခံသည့် စာတမ်းများရှေ့ ရဲများကို တွေ့ရစဉ်။)

(ပုံစာ – ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်၌ ဟောင်ကောင်ရှိ တရုတ်ဆက်ဆံရေးရုံး အပြင်ဘက်တွင် ဖမ်းဆီးခံ လူ့အခွင့်အရေး ရှေ့နေအား ထောက်ခံသည့် စာတမ်းများရှေ့ ရဲများကို တွေ့ရစဉ်။)

VOA

တရုတ်နိုင်ငံတွင် မကြာသေးသော လများအတွင်း လူ့အခွင့်အရေး ရှေ့နေများနှင့် ၎င်းတို့၏ မိသားစုများကို ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းအချို့က ပြောပြီး ရှေ့နေတဦး၏ နာမကျန်းသော ဇနီးဖြစ်သူကို ပင်စင်နှင့် ဆေးဝါးအာမခံ ပေးခြင်းကို ငြင်းသကဲ့သို့ ရှေ့နေနှစ်ဦး၏ ကလေးများကို ဒေသအာဏာပိုင်များက အကြိမ်ကြိမ် ဖိအားပေးကာ ကျောင်းထွက်စေကြောင်း သိရသည်။

VOA အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဆက်သွယ်ထားသော်လည်း တုံ့ပြန်မှု မရရှိသေးပေ။

မတ် ၃၁ ရက်၌ တရုတ်နိုင်ငံအတွင်းက လူ့အခွင့်အရေးရှေ့နေနှင့် သဘောထားကွဲလွဲသူ ၁၆ ဦးသည် တရုတ်လူ့အခွင့်အရေးရှေ့နေ ကျို့ရှီဖန့်အတွက် လှူဒါန်းကြရန် တိုက်တွန်းတောင်းဆိုကြသည်။ ကျို့ရှီဖန့်တို့၏ နာမကျန်းသော ဇနီးသည်မှာ လူမှုအာမခံ သို့မဟုတ် ပင်စင် မရရှိသဖြင့် ၎င်းတို့ မိသားစုမှာ မြင့်မားသော ဆေးကုသစရိတ်အတွက် ရုန်းကန်နေရခြင်း ဖြစ်သည်။

ကျို့သည် ၂၀၁၅ ခုနှစ်၌ “နိုင်ငံတော်အာဏာအား ထိပါးအောင် သွေးထိုးလှုံ့ဆော်မှု” ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရခြင်း ဖြစ်သည်။ ယင်းအချိန်က တရုတ်အစိုးရသည် လူ့အခွင့်အရေး ရှေ့နေ ၃၀၀ ကျော်ထက်မနည်းကို နိုင်ငံအနှံ့ ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။

တရုတ်က လူအခွင့်အရေးရှေ့နေ အများစုလိုပင် ကျို့သည်လည်း ဖမ်းဆီးခံရသည့်နောက်ပိုင်း ရှေ့နေလိုင်စင် အသိမ်းခံခဲ့ရသည်။ ၂၀၂၂ စက်တင်ဘာတွင် ပြန်လွတ်ချိန်မှစကာ မိသားစုအား ထောက်ပံ့နိုင်သည့် တည်ငြိမ်သော အလုပ်အကိုင် မရှာနိုင်ဘဲ ဖြစ်နေခဲ့သည်။ “ရှေ့နေအဖြစ် မလုပ်နိုင်တော့တာကြောင့် သူ့မိသားစုဟာ သူတို့ရဲ့ တခုတည်းသော ဝင်ငွေရင်းမြစ် ဆုံးရှုံးရတော့တယ်”ဟု ကျို့၏ အခြေအနအား သိရှိသည့် လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ ရန်က ပြောသည်။

အခြားသော လူ့အခွင့်အရေးရှေ့နေတို့၏ မိသားစုများသည်လည်း အကြိမ်ကြိမ် အတင်းအကျပ် နှင်ထုတ်ခြင်းများနှင့် ရင်ဆိုင်တွေ့ကြုံရပြီး စာသင်ကျောင်းများက ဒေသအာဏာပိုင်များ၏ ဖိအားကြောင့် ၎င်းတို့၏ ကလေးငယ်များကို အကြိမ်ကြိမ် နှင်လွှတ်ကြသည်။

၂၀၁၅ ခုနှစ် ဖြိုခွင်းမှုအတွင်း အဖျက်အမှောက် လုပ်သည် စွဲချက်ဖြင့် ထောင်ဒဏ် လေးနှစ်ခွဲ ချမှတ်ခံရသည့် ထင်ရှားသော လူ့အခွင့်အရေး ရှေ့နေ ဝမ်ကွမ်ကျန်းသည် ပြီးခဲ့သည့် ဧပြီမှစပြီး အိမ်ငှားသူများ သို့မဟုတ် ဟိုတယ်များက လက်မခံဘဲ နှင်လွှတ်ခြင်းများ တဒါဇင်ကျော်မက ကြုံတွေ့ရသည်။ ထိုသို့ အတင်းအကျပ် နှင်လွှတ်ခြင်းများသည် သူနှင့် သူ့မိသားစုအား တရုတ်အာဏာပိုင်များ၏ လက်တုံ့ပြန်ခြင်း တစိတ်တပိုင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

၂၀၁၅ ဇူလိုင် ၉ ရက်တွင် စတင်၍ ၇၀၉ ဖြိုခွင်းမှုဟု ခေါ်ကြသော ၂၀၁၅ ဖြိုခွင်းမှုတွင် တရုတ်အာဏာပိုင်များသည် လွတ်လပ်သော ဥပဒေအကျိုးဆောင်များကို ပစ်မှတ်ထားပြီး ရှေ့နေ ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

“အာဏာပိုင်တွေဟာ ကျွန်တော်တို့ အသိုင်းအဝိုင်းကို သူတို့ကို အရှက်ရစေအောင် ကြိုးစားနေသူတွေလို့ ထင်ကြတယ်။ ဒါကြောင့် လူ့အခွင့်အရေး ရှေ့နေတွေကို အပြစ်ပေးချင်နေတာပဲ ဖြစ်တယ်”ဟု ဝမ်က VOA သို့ ဖုန်းမှတဆင့် ပြောသည်။

အတင်းအကျပ် နှင်ထုတ်ခြင်းအပြင် ၁၁ နှစ်အရွယ် သားဖြစ်သူကိုလည်း ပြီးခဲ့သည့်နှစ်က ကျောင်းများက လက်မခံကြသည်မှာ တကြိမ်နှစ်ကြိမ်ထက် မနည်းပဲဖြစ်ကြောင်းလည်း ဝမ်က ဆိုသည်။ ထိုအတွက် ဝမ်အနေဖြင့် သားဖြစ်သူအား ပြည်ပသို့ ပို့ရန် ကြိုးပမ်းနေပြီး ယခုကဲ့သို့ နှောင့်ယှက်ခြင်းများမှ ကာကွယ်ပေးရန် မျှော်လင့်ထားသည်။

တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်သဘောထားကွဲလွဲသူများကို ဖိစီးနှိပ်စက်မှု တိုးမြှင့်လာကြောင်း အချို့သော လူ့အခွင့်အရေး အကျိုးဆောင်များက ဆိုသည်။ ဖမ်းဆီးခံ လူ့အခွင့်အရေးရှေ့နေ ယုဝန်ရှန်၏ သားဖြစ်သူ ယုကျန့်ယန်သည် ခဏတာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နိုဝင်ဘာလအတွင်း နှစ်ကြိမ်တိုင် သေကြောင်းကြံစည်ခဲ့သည်။

“သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်အောက်မှာ တရုတ်သဘောထားကွဲသူတွေရဲ့ ကလေးငယ်တွေကို ဖိနှိပ်တာတွေ တိုးများလာတာ ခုဆိုရင် အဆင့်သစ်တရပ်ဆီ ရောက်နေပြီ”ဟု တျန်အန်မင် ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် နယူးယောက်အခြေစိုက် တရုတ်လူ့အခွင့်အရေး အဖွဲ့အစည်း အမှုဆောင်ညွှန်ကြားရေးမှူး ကျို့ဖန်ဆုအိုက ပြောခဲ့သည်။