ထွက်ပြေးနေသော ခမရ(၅၆၅) ဒုတပ်ရင်းမှူးကို ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်

002

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ(၅၆၅)တပ်ရင်း မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်အား ဒဏ်ရာများနှင့်ဖမ်းဆီးရမိပြီး ဆေးကုသမှုပေးနေသည်ဟု ရက္ခိုင့်တပ်တော်(AA)က ‌ထုတ်ပြန်သည်။

ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်အား ဧပြီလ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ် ဘဒနာကျေးရွာအနီး၌ ဖမ်းဆီးရမိခြင်းဖြစ်သည်။

DSA အပတ်စဉ် (၄၇)ဆင်း အသက် ၄၀ အရွယ် အဆိုပါဒုတပ်ရင်းမှူးသည် ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) စခန်းသိမ်းတိုက်ပွဲမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တဦးဖြစ်သည်ဟု AA က ဆိုသည်။

ဒဏ်ရာများဖြင့်ဖမ်းဆီးရမိသော ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်အား ရက္ခိုင့်တပ်တော်ဆေးတပ်ဖွဲ့ မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိသည်ဟု AA က ‌ပြောသည်။

ထို့ပြင် ခမရ(၅၆၄)စခန်းသိမ်းတိုက်ပွဲမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေ‌သော စစ်ကောင်စီတပ်ဖွဲ့ဝင် များအား လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိရာ ဧပြီလ ၇ ရက်နေ့အထိ ၁၀ ဦး ကျော်ကို ထပ်မံချေမှုန်းနိုင် ခဲ့ပြီး အခြားလွတ်မြောက်နေသူများကိုလည်း လိုက်လံ တိုက်ခိုက်လျက်ရှိသည်ဟု AA က ဆိုသည်။

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) အား AA က ဧပြီလ ၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်အားသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး ငါးရက်ကြာ စခန်းသိမ်း တိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များလည်းရှိသည်ဟု AA က ဆိုထားပြီး အရေအတွက်ကိုမူ ဖော်ပြခြင်းမရှိပေ။ ခမရ(၅၆၄)စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အ‌မြောက် အမြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

စာတည်း။ ။စောဖေ