ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

008

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တက္ကသိုလ် ယနေ့ ဧပြီ ၈ရက် နံနက် ၃နာရီခန့်က ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရကြောင်းသိရသည်။

စစ်တက္ကသိုလ်အနီး အနောက်ဘက်တွင် ရှော့တိုက်ဒုံး သုံးလုံးနှင့် အနောက်မြောက်ဘက်တွင် ရှော့တိုက်ဒုံး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနက် ၂ နာရီ ၃နာရီလောက် DSA ဘက်ကပေါက်ကွဲသံတွေ ကြားရတယ်။ ဆက်တိုက် ငါးကြိမ်လောက်ကြားရတယ်။ ပေါက်ကွဲသံတွေကြားပြီး မကြာဘူး ခရာသံတွေ ကြားရတယ်။” ဟု မြို့ခံတဦးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုအပြီး နံနက် ၈နာရီခန့်မှစတင်၍ DSA အနီးပတ်ဝန်းကျင် ကျေးရွာရှိ အိမ်များကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ကျောက်တောင်နှင့်‌ပွေးတောင်ဘက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံတဦးကဆိုသည်။

အခြား ပြင်ဦးလွင်ဒေသခံတဦးကလည်း “မနက်က လက်ဖက်ရည်ဆိုင်မှာ အသံကြားလိုက်တယ်လို့ပြောနေကြတယ်။ DSA ဘက်ကတဲ့ မနက်လေးနာရီလောက်ကပါ” ဟုဆိုသည်။

လက်ရှိတွင် ထိုပစ်ခတ်မှုဖြင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ချင်းမရှိသေးပေ။

ထိုသို့ ပစ်ခတ်ခံရသော်လည်း မြို့တွင်းတွင် ပြည်သူလူထုအနေဖြင့် ပုံမှန်သွားလာနေပြီး မြို့ဝင် ၊မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ပုံမှန်ထက် စစ်ဆေးမှုများပိုမို လုပ်ဆောင်နေကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး