တူရကီစူပါဖလားပွဲစဉ်မှာ ဆန္ဒပြတဲ့အနေဖြင့် ဖီနာဘာချီအသင်း ကွင်းအတွင်းမှ ထွက်ခွာ

Photos: EPA

By PKThawn

မမျှတတဲ့ ကိုင်တွယ်မှုလို့ စွပ်စွဲပြီး ဆန္ဒပြတဲ့အနေဖြင့် ဖီနာဘာချီအသင်းဟာ တနင်္ဂနွေနေ့မှာ ပြန်လည်ကျင်းပခဲ့တဲ့ ဂါလာတာစာရေးနဲ့ တူရကီစူပါဖလားပွဲစဉ်ကို ၃ မိနစ်ခန့် ကစားပြီးတဲ့နောက် ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဖီနာဘာချီဟာ သူတို့ရဲ့ အစ္စတန်ဘူလ်ပြိုင်ဘက်တွေနဲ့ ကစားမယ့်ပွဲအတွက် ယူ-၁၉ အသင်းကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ပွဲအစ ၅၂ စက္ကန့်မှာ မော်ရို အီကာဒီက ဂါလာတာစာရေးအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့အပြီး ၃ မိနစ်အကြာမှာ ဖီနာဘာချီအသင်းက ကွင်းအတွင်းကနေ ထွက်သွားခဲ့တာပါ။ သူတို့ဟာ ပွဲကို စတင်ပြီး ဆက်မကစားဖို့နဲ့ အရှုံးပေးအပြီးမှာ ကွင်းထဲကနေ ထွက်ခွာသွားဖို့ စီစဉ်ခဲ့ကြောင်း တူရကီမီဒီယာက ပွဲမစခင်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါပွဲကို ဖျက်သိမ်းခဲ့ပြီး ဂါလာတာဆာရေးဟာ စူပါဖလားအနိုင်ရပွဲစဉ်ကို အောင်ပွဲခံခဲ့ပါတယ်။
“တူရကီဘောလုံးကို ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီ”လို့ ဖီနာဘာချီအသင်းဥက္ကဋ္ဌ Ali Koc က အစ္စတန်ဘူလ်မြို့ကနေ ကီလိုမီတာ ၁၀၀၀ ကျော်အကွာရှိ ၂၀၂၃ ငလျင်လှုပ်ခဲ့တဲ့ Sanliurfa မှာ ပွဲမတင်ခင် ပြောပါတယ်။

ပွဲစဉ်ကနေရရှိတဲ့ ငွေတွေကို တူရကီနိုင်ငံက လူပေါင်း ၅၃,၅၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်လှုပ်ခတ်မှုအတွင်း ထိခိုက်နစ်နာသူတွေကို လှူဒါန်းမှာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဖီနာဘာချီက ကလပ်အသင်းအနေနဲ့ “အနိုင်ရဖို့ မဟုတ်ဘဲ အမှန်တရားကို ကာကွယ်ဖို့အတွက်” ကွင်းထဲကို သွားရောက်ခဲ့ကြောင်း၊ “ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဖီနာဘာချီဟာ ၂၀၁၄ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော တူရကီဆုဖလားကို ပစ်မှတ်ထားနေပြီး လက်ကျန် ၇ ပွဲနဲ့အတူ ချန်ပီယံ ဂါလာတာဆာရေးနောက် နှစ်မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဖီနာဘာချီက သူတို့ဟာ မတရားပစ်မှတ်ထားခံနေရတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ကြာသပတေးနေ့မှာ အိုလံပီယာကို့စ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်မတိုင်ခင် စူပါဖလားကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တူရကီဒိုင်တွေရဲ့ မမျှတတဲ့ ကိုင်တွယ်မှုကို ရည်ညွှန်းပြီး နိုင်ငံခြားဒိုင်လူကြီးတဦးကို ပွဲကြီးကြပ်ခွင့်ပေးဖို့လည်း ကလပ်က တောင်းဆိုခဲ့ပါတယ်။

လိဂ်ပွဲစဉ်တပွဲပြီးဆုံးချိန် ထရက်ဇွန်မှာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်မှုအတွင်း အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဖီနာဘာချီ ကစားသမားနှစ်ဦးကို ဗုဒ္ဓဟူးနေ့မှာ တပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ တူရကီဘောလုံးအဖွဲ့ချုပ်ဟာ တောင်းဆိုချက်နှစ်ခုလုံးကို ပယ်ချခဲ့ပါတယ်။

စူပါဖလားပြိုင်ပွဲကို မူလက ရီယာ့ဒ်မှာ ဒီဇင်ဘာ ၂၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် နှစ်တရာပြည့်အထိမ်းအမှတ်အဖြစ် ခေတ်သစ်တူရကီတည်ထောင်သူ မူစတာဖာ ကမားလ် အတာတက်ရဲ့ ပုံပါ သွေးပူလေ့ကျင့်ခန်းဆင်းအင်္ကျီတွေကို နိုင်ငံရေးဆောင်ပုဒ်တွေ ပိတ်ပင်တားမြစ်ထားခြင်းကြောင့် ကစားသမားတွေ ဝတ်ဆင်ခွင့်ကို ဆော်ဒီပွဲစီစဉ်သူတွေက ပယ်ချခဲ့ပြီးနောက် နောက်ဆုံးမိနစ်မှာ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာပဲဖြစ်ပါတယ်။

Ref; AFP, BBC