ကိန်း ဝေဖန်ခဲ့တဲ့ ဟာလန်းကို ‘ကမ္ဘာ့အကောင်းဆုံး’လို့ ဂွာဒီယိုလာ ကာကွယ်

By PKThawn

အာလင်း ဟာလန်းကို ရွိုင်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးကြယ်ပွင့်ကို “ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး”အဖြစ် လေးစားသင့်တယ်လို့ ပက်ဂွာဒီယိုလာက ပြောပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ကိန်းက ဟာလန်းရဲ့”ယေဘူယျ ကစားဟန်”ဟာ “ဆိုးရွားလွန်း”ပြီး “လိဂ်တူးအဆင့်က (League Two) ကစားသမားတယောက်နီးနီးလိုပါပဲ”လို့ Sky Sports မှာ ပြောခဲ့တာပါ။

ဟာလန်းဟာ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ချန်ပီယံလုဖက် အာဆင်နယ်နဲ့ စီးတီးရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲမှာ သူ့ရဲ့ ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်အတွက် ကိန်းရဲ့ အဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းဟာ စီးတီးနဲ့အတူ ထူးထူးခြားခြား ပထမဆုံးရာသီမှာ ရွှေဖိနပ်ဆုရရှိပြီးနောက် သူဟာ ဒီရာသီ ၁၈ ဂိုးနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါတယ်။

သူဟာ ဂွာဒီယိုလာရဲ့လက်အောက်မှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့သလို ပြိုင်ပွဲအရပ်ရပ်မှာ ၅၂ ဂိုး သွင်းယူခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် နော်ဝေကစားသမားဟာ ဂိုးရှေ့မှာ သူ့ကိုယ်သူ အဆင့်အတန်းတခုထဲမှာ ရှိနေတယ်လို့ ကိန်းက ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ကိန်းရဲ့ မှတ်ချက်တွေကို ပယ်ချခဲ့ပြီး အာဆင်နယ်ကို ဂိုးမရှိသရေကျခဲ့တဲ့အတွက် မည်သည့်အပြစ်တင်မှုကိုမဆို အသင်းက တာဝန်ခံသင့်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

“ကျနော်ကတော့ အာလင်းနဲ့ ပတ်သက်ပြီး ရွိုင်ကိန်းပြောခဲ့တဲ့ မှတ်ချက်ကို လုံးဝ သဘောမတူနိုင်ပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ ပြီးခဲ့တဲ့ရာသီက ကျနော်တို့ ဆုဖလားတွေရရှိအောင် ကူညီပေးခဲ့တယ်။ အာလင်းက ထူးခြားတဲ့ ကစားသမားပါ”လို့ ဂွာဒီယိုလာက သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အခွင့်အရေးတွေ မဖန်တီးနိုင်ရတဲ့ အကြောင်းရင်းက အာလင်းကြောင့် မဟုတ်ပါဘူး။ အာလင်းရဲ့ စံနှုန်းတွေက မယုံနိုင်စရာဖြစ်ပြီး လူတိုင်းက တခြားအရာတွေကို မျှော်လင့်ကြတာပါ။

“သူ ပိုကောင်းအောင် ကစားနိုင်တဲ့ ပွဲတွေရှိတယ်။ ဒါပေမယ့် အာဆင်နယ်နဲ့ ကစားတဲ့ပွဲစဉ်မှာ ကျနော်တို့ အခွင့်အရေး မဖန်တီးနိုင်ရတဲ့ အကြောင်းရင်းက အာလင်းကြောင့် မဟုတ်ဘူးဆိုတာကို ကျနော် သိရှိခဲ့တယ်။

“ကျနော်တို့ဟာ ဂိုးဧရိယာထဲမှာ ပိုရှိနေဖို့ လိုအပ်တယ်။ ဒါကို လုပ်နိုင်ခဲ့ရင် အာလင်းက နေရာလွတ်ပိုရလိမ့်မယ်။ ဒါက တခါတလေမှာ ဖြစ်တတ်ပါတယ်။ ဂိုးတွေ သွင်းချင်ရင် ပြိုင်ဘက်ဂိုးသမားဆီကို ကစားသမားတွေ အများကြီး ရွှေ့ပေးရမှာပါ၊ ဒီနည်းဗျူဟာက ရိုးရှင်းပါတယ်။”

မန်စီးတီးဟာ အာဆင်နယ်ကို အနိုင်မရတာက သမိုင်းတလျှောက် မရှိဖူးသေးတဲ့ လေးကြိမ်ဆက် အင်္ဂလိပ်ဖလားကို ဆွတ်ခူးနိုင်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို ပျက်စီးစေခဲ့ပါတယ်။

သူတို့ဟာ ဗုဒ္ဓဟူးနေ့မှာ အီတီဟတ်ကွင်းမှာ အက်စတွန်ဗီလာနဲ့ ပွဲစဉ်မတိုင်ခင် ထိပ်ဆုံးက လီဗာပူးလ်နဲ့ သုံးမှတ်အကွာမှာ ရှိနေပါတယ်။

စီးတီးအနေနဲ့ ချန်ပီယံတွေအဖြစ် ဆက်ထိန်းထားဖို့ဆိုရင် ဂွာဒီယိုလာအနေနဲ့ ဟာလန်ရဲ့ အမြင့်ဆုံးအဆင့်ကို လိုအပ်ပါလိမ့်မယ်။

ပြီးတော့ စပိန်လူမျိုးနည်းပြက ဝေဖန်မှုတွေဟာ ထိပ်တန်းကစားသမားတယောက်ဖြစ်နေတယ်ဆိုတဲ့ နယ်ပယ်နဲ့ ရောက်လာတယ်ဆိုတာကို လက်ခံပါတယ်။

“ဘောလုံးသမားတယောက်အနေနဲ့ ဒါကို လက်မခံချင်ရင် တခြားအလုပ်တခုလုပ်ဖို့ ကိုယ့်ကိုယ်ကို မြှုပ်နှံထားရမယ်”လို့ ဂွာဒီယိုလာက ဆိုပါတယ်။

“ခင်ဗျားဟာ public figure တယောက်ဖြစ်တဲ့အခါ ဒါကို လက်ခံရမယ်။ အဲဒါကြောင့် စာချုပ်မှာ ဆွေးနွေးတဲ့အခါ အဲဒီအခိုက်အတန့်တွေကို ခံနိုင်ရည်ရှိဖို့ ငွေအများကြီးတောင်းဆိုရတာပါ။

“ဒီဝေဖန်မှုတွေ ကစားသမားဟောင်းတွေဆီက လာတာ ကျနော် အံ့သြမိတယ်။ ဂျာနယ်လစ်တွေနဲ့ဆို နားလည်ပေးနိုင်တယ်။ သူတို့က ကွင်းထဲမှာ တခါမှ မရောက်ဖူးတာကြောင့်ပါ။ ကစားသမားဟောင်းတွေက (သူတို့ ဝေဖန်လာတဲ့အခါ) အမြဲတမ်း အံ့အားသင့်ရပါတယ်။”

(AFP)