မြဝတီမြို့ နယ်စပ်အရေးကိစ္စ စောင့်ကြည့်ရန် ထိုင်းမှာ အရေးပေါ်အစည်းအဝေး ပြုလုပ်

ထိုင်းဝန်ကြီးချုပ်ဦးဆောင်သော အရေးပေါ်အစည်းအဝေး

၀၀၂

(မဇ္ဈိမ) ။ ။ မြန်မာ- ထိုင်းနယ်စပ်က မြဝတီမြို့တွင် ဖြစ်ပွားနေသော အခြေအနေအများနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ဦးဆောင်သော အရေးပေါ် အစည်းအဝေးတခုကို ကျင်းပပြီး နယ်စပ်ကုန်သွယ်ရေး ကိစ္စများကို စောင့်ကြည့်ရန် လုပ်ငန်းကော်မတီ တခုဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် မေလက ထိုင်းရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံးနှင့် ဝန်ကြီးချုပ် ဖြစ်လာသူ ဆာရတ်သာ သာဗီဆင်းက ယနေ့ (ဧပြီလ ၉ ရက်) နေ့တွင် ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေး ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အ‌ခြေအနေများမှာ အိမ်နီးချင်းထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး အမြန်ဆုံးရရှိအောင် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း ထိုင်း၀န်ကြီးချုပ်က ပြောသည်။

နယ်စပ်ဖြတ်ကျော် ဒုက္ခသည်များကို အကူအညီပေးနိုင်ရန်အပြင် နယ်စပ်ကုန်သွယ်ရေး အပါအဝင် နယ်ပယ်အသီးသီးတွင် ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်ခြေရှိ‌သော သက်ရောက်မှုများကို ဂရုစိုက်ရန်လည်း ဆာရတ်သာ သာဗီဆင်းက ပြောကြားခဲ့သည်။

မဲဆောက်ဘက်ခြမ်းမှ မြင်တွေ့ရသော မြဝတီမြို့

မြန်မာနယ်စပ်အရေး ကိစ္စများကို စောင့်ကြည့်မည့် လုပ်ငန်းကော်မတီကို ထိုင်းနိုင်ငံခြားရေးဌာနက ဦးဆောင်မည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တဖက်ကမ်းက သောင်ရင်းမြစ်နှင့် ကပ်လျက်ရှိသော မြဝတီမြို့ကို KNU ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ခါနီးဆဲဆဲ အခြေအနေဖြစ်ပြီး မြို့နှင့် သုံးမိုင်အကွာက ခလရ (၂၇၅) မြဝတီမြို့စောင့်တပ်ကို ဝိုင်းဝန်းပိတ်ဆို့ကာ လက်နက်ချရန် ကမ်းလှမ်းထားသည်။

နယ်စပ်ကုန်သွယ်ရေးဇုန် တည်ရှိရာ မြဝတီမြို့တွင် လက်ရှိမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကိုလည်း ပိတ်ထားရကြောင်း မဇ္ဈိမနှင့်အ ဆက်အသွယ်ရသည့် မြဝတီမြို့ခံတဦးက ပြောသည်။

သို့သော် မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း သိရပြီး မြဝတီမြို့နေပြည်သူ အများအပြား မြို့ကိုစွန့်ခွာပြီး မဲဆောက်ဘက် တိမ်းရှောင်နေကြသည်။

ဧပြီလ ၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ မဲဆောက်လေဆိပ်သို့ စစ်ကောင်စီစေလွှတ်သော လေယာဉ်တစီးဆင်းသက်ခဲ့ပြီး မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၀ ဦးကို တင်ခေါ်သွားကြောင်း မဲဆောက်မြို့ရှိ မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

စာတည်း။ ။ နောင်နောင်