စစ်တွေဆိပ်ကမ်းကို အိန္ဒိယ လုပ်ကိုင်ခွင့်ရ

၂၀၂၃ ခုနှစ်၊ မေလတွင် တွေ့ရသည့် စစ်တွေဆိပ်ကမ်း (Photo: PIB)

Mizzima:-

အိန္ဒိယသည် အီရန်ရှိ ချာဘာဟာဆိပ်ကမ်းကို လုပ်ကိုင်ခွင့် ရရှိခဲ့ပြီးနောက် ဒုတိယမြောက် ပြည်ပဆိပ်ကမ်းအဖြစ် မြန်မာနိုင်ငံရှိ စစ်တွေဆိပ်ကမ်းကို လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ ကုလားတန်မြစ်အတွင်းရှိ ဆိပ်ကမ်းတခုလုံးအား လုပ်ကိုင်ခွင့်ရရန် India Ports Global(IPGL) ကုမ္ပဏီ၏ အဆိုပြုချက်ကို ပြည်ပရေးရာဝန်ကြီးဌာန(MEA)က အတည်ပြုခဲ့သည်။ IPGL သည် ဆိပ်ကမ်း၊ ပို့ဆောင်ရေးနှင့် ရေးကြောင်းဆိုင်ရာဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီတခုဖြစ်သည်။

တရုတ်နှင့် အိန္ဒိယတို့သည် တောင်တရုတ်ပင်လယ်တွင် စီးပွားရေးအရ ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် ပြိုင်ဆိုင်လျက်ရှိသည်။ အဆိုပါ ပြိုင်ဆိုင်မှုတွင် ဆိပ်ကမ်းများမှာ လွန်စွာအရေးပါလာသည်။ အထူးသဖြင့် တရုတ်သည် သီရိလင်္ကာရှိ ဟမ်ဘန်တိုတာနှင့် အာဖရိကရှိ ဂျီဘူတီကဲ့သို့သော ဒေသတွင်း နိုင်ငံအများအပြားရှိ ဆိပ်ကမ်းများစွာကို လည်ပတ်လုပ်ကိုင်ခွင့်ရရှိရန် အသည်းအသန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်သည် မော်လ်ဒိုက်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဆိပ်ကမ်းများတွင် ရင်းနှီးမြှုပ်နှံရန် ချဉ်းကပ်ခဲ့သောကြောင့် အိန္ဒိယအတွက် အလေးထားရမည့် စိုးရိမ်စရာများ ဖြစ်ပေါ်လာခဲ့သည်။

စစ်တွေဆိပ်ကမ်းသည် အိန္ဒိယထံမှ ကုန်သေတ္တာများကို ယမန်နှစ် မေလတွင် စတင်လက်ခံခဲ့သည်။ ပထမဆုံးကုန်သေတ္တာတွဲများကို ကိုးကတ္တားရှိ ဆာယာမ ပရာဆတ် မူခါဂျီဆိပ်ကမ်းမှ မြန်မာရှိ အကဲဆတ်သည့် ရခိုင်ပြည်နယ်ရှိ ဆိပ်ကမ်းသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ ဆိပ်ကမ်း၊ ပို့ဆောင်ရေးနှင့် ရေကြောင်းဆိုင်ရာဝန်ကြီး ဆာဘာနန္ဒာဆိုနိုဝယ်လ်နှင့် မြန်မာစစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့က လက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါဆိပ်ကမ်းသည် အန်ဒရာပြည်နယ်ရှိ ဗီဇက်ဂ်နှင့် အနောက်ဘန်ဂေါပြည်နယ်ရှိ ကိုးကတ္တားမှ ကုန်သေတ္တာများအား ဘင်္ဂလားဒေ့ရှ်ကိုဖြတ်၍ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ ပို့ဆောင်နိုင်မည့် အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်း အားသာချက်ရှိသည်။

ယခုအခါ စစ်တွေဆိပ်ကမ်းသည် အိန္ဒိယက လည်ပတ်ဆောင်ရွက်မည့် လုပ်ငန်းဖြစ်လာတော့မည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၏ အတည်ပြုချက်ရ သိနိုင်သည်။ ဘဏ္ဍာရေးကဏ္ဍတွင် IPGL ကုမ္ပဏီသည် ဆိပ်ကမ်းကိုအသုံးပြုမည့် ကုန်သည်များအား အိန္ဒိယရူပီးငွေဖြင့် ပေးချေမှုကို မြှင့်တင်သွားမည်ဟု ယူဆရသည်။

IPGL ကုမ္ပဏီသည် အခြားသော အိန္ဒိယပြည်တွင်းဆိပ်ကမ်းများနည်းတူ စစ်တွေဆိပ်ကမ်းအား အပြည့်အဝ လည်ပတ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ စစ်တွေဆိပ်ကမ်းသဘောတူညီချက်သည် ချာဘာဟာဆိပ်ကမ်းထက် ပို၍ အရေးပါသည်။ IPGL ကုမ္ပဏီသည် ချာဘာဟာဆိပ်ကမ်းတွင် ဆိပ်ခံနှစ်ခုကိုသာ လုပ်ပိုင်ခွင့် ရရှိထားပြီး ဆိပ်ကမ်းတခုလုံးကို ရရှိထားခြင်းမဟုတ်ပေ။စစ်တွေဆိပ်ကမ်းသဘောတူညီချက်သည် ရေရှည်လုပ်ငန်းတခုဖြစ်ပြီး သုံးနှစ်တကြိမ် သက်တမ်းတိုးရမည် ဖြစ်သည်။
အဆိုပါ သဘောတူညီချက်အရ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် အိန္ဒိယက ငွေထုတ်ပေးမည်ဖြစ်သည်။ စစ်တွေဆိပ်ကမ်းသည် အိန္ဒိယထံမှ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ငွေဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကုလားတန်မြစ်ဝကျွန်းပေါ်တွင် တည်ရှိသည့် ယင်းဆိပ်ကမ်းသည် ရေနက်ဆိပ်ကမ်းသင်္ဘောများကို လက်ခံနိုင်မည့် အလားအလာရှိသည်။

အိန္ဒိယနှင့် မြန်မာအကြား လက်ရှိကုန်သွယ်ရေးသည် အိန္ဒိယထံမှ ဘိလပ်မြေ၊ သံမဏိနှင့် အုတ်ကဲ့သို့သော ဆောက်လုပ်ရေးပစ္စည်းများနှင့် မြန်မာထံမှ ဆန်၊ ကျွန်းသစ်၊ ငါးနှင့် ပင်လယ်စာတို့ တင်ပို့သည့် ကုန်သွယ်ရေးသာဖြစ်သည်။ ယခုအခါ ဆိပ်ကမ်းတိုးချဲ့လိုက်ခြင်းကြောင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပိုမိုတင်ပို့လာနိုင်တော့မည်ဖြစ်သည်။

ဆိပ်ကမ်းကြောင့် ချက်ချင်းအကျိုးအမြတ်ရရှိနိုင်မည့် ပြည်နယ်များမှာ မီဇိုရမ်နှင့် တြိပူရတို့ဖြစ်သည်။ လက်ရှိတွင် အဆိုပါ နေရာများသို့ သွားရောက်မည့် အိန္ဒိယကုန်တင်သင်္ဘောများသည် ဘင်္ဂလားဒေ့ရှ် အထူးသဖြင့် စစ်တကောင်းဆိပ်ကမ်းကို ဖြတ်သွားရသည်။ အဆိုပါ အနေအထားသည် မကြာမီပြောင်းလဲသွားနိုင်သည်။

စစ်တွေဆိပ်ကမ်းဖွံ့ဖြိုးရေးကို ဆောင်ရွက်ရာတွင် တစိုက်မတ်မတ် အသုံးပြုမည့်သူလိုအပ်ပြီး ယခုအချိန်အထိ မရှိသေးသော်လည်း IPGL အနေဖြင့် အဆိုပါကွက်လပ်ကိုဖြည့်ဆည်းနိုင်ရန် ရေရှည်စီမံကိန်းချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယ ဆိပ်ကမ်း၊ ပို့ဆောင်ရေးနှင့် ရေကြောင်းဆိုင်ရာဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးက ပြောကြားခဲ့သည်။

အဆိုပါဆိပ်ကမ်းသည် ကုလားတန် ဘက်စုံတဆင့်ခံသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည်။ ဆိပ်ကမ်းစတင်လည်ပတ်သည်နှင့် တပြိုင်နက် စစ်တွေဆိပ်ကမ်းသည် အရှေ့တောင်အာရှနှင့် ဘက်စုံ ချိတ်ဆက်ရာတွင် တဆင့်ခံအဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မြန်မာရှိ စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယရှိ မီဇိုရမ်ပြည်နယ်တို့ကို ချိတ်ဆက်ပေးထားသည့် ကုလားတန်မြစ်ပေါ်ရှိ ဘက်စုံတဆင့်ခံသယ်ယူပို့ဆောင်ရေးအဆောက်အအုံများကို တည်ဆောက်၊ လည်ပတ်ရန် မြန်မာနှင့် အိန္ဒိယတို့အကြားရှိ မူဘောင်သဘောတူညီချက်အရ စစ်တွေဆိပ်ကမ်းကို တည်ဆောက်နေခြင်းဖြစ်သည်။

ထိုအတည်ပြုချက်သည် IPGL အတွက် အခြားအရာများတွင်လည်း အရေးပါကြောင်း အဆိုပါ တာဝန်ရှိသူကပြောကြားခဲ့သည်။ ယင်းကုမ္ပဏီသည် ယခုအခါ အိန္ဒိယ၏ ပြည်ပဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများတွင် ဦးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ဥပမာ- တန်ဇန်းနီးယားသည် ၎င်း၏ ဆိပ်ကမ်းများကို တည်ဆောက်ရန် အိန္ဒိယထံမှ အကူအညီတောင်းထားသည်။