AA  အမ်းမြို့ရှိ ကားလမ်းပိတ်ဆို့ပြီး​နောက် စစ်​ကောင်စီ ဗိုလ်မှူးအပါ ဌာနဆိုင်ရာအကြီးအကဲအချို့ထွက်​ပြေး

စစ်ကောင်စီ၏ ပဲပဒုံ စစ်ဆေးရေးဂိတ်(ဓာတ်ပုံ-CJ)

ဓါတု

(မဇ္ဈိမ)။ ။  ရက္ခိုင့်တပ်​​တော်(AA)မှ အမ်း-ပဒါန်း ကားလမ်းပိတ်ဆို့ပြီး​နောက် စစ်ကောင်စီတပ် ဗိုလ်မှူး အပါအဝင် ဌာနဆိုင်ရာအကြီးအကဲအချို့အမ်းမြို့မှ ထွက်​ပြေးသွား​ကြောင်း တပ်တွင်းနီးစပ်သူများထံကသိရသည်။

ဗိုလ်မှူးထင်လင်းမော်၊  တပ်ဆေးရုံမှ စစ်ဆေးဆရာဝန် နှစ်ဦး၊ အရာခံဗိုလ်တဦး၊  တပ်ကြပ်ကြီးတဦးနှင့် ခရိုင်တရားသူကြီးတို့ ဧပြီလ ပထမပတ်အတွင်း ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးထင်လင်းမော်မှာ  မကွေးတိုင်းမှ အမ်းမြို့သို့အဝင် ဂိတ်ဖြစ်သည့် ပဲပဒုံ ပူး​ပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသူပြီး အမ်း တိုက်/စည်း သင်တန်းကျောင်းမှ စစ်ဦးစီး ဒုတိယတန်း ( G- 2)  အဆင့် ရှိသူဖြစ်ကြောင်း သိရသည်။

၎င်းထွက်ပြေးသည့်နေ့မှာ AA က အဆိုပါကားလမ်းကို စတင်ပိတ်ဆို့သည့် ဧပြီလ ၂ ရက်တွင်ပင်ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူက ပြောသည်။

“ထင်လင်း​မော်က ဗိုလ်မှူးအပွင့်တင်တာ မကြာ​သေးဘူး။​ တော်​တော်အမိန့်နာခံတာ။ အဲ့ဒီဂိတ်မှာ အလှည့်ကျထိုင်တာ ဝင်​ငွေ​ကောင်းတယ်။ AAရဲ့စာထွက်ပြီး​နောက်ပိုင်း ထွက်​ပြေးတာ။ ဖုန်းပါ ပိတ်ပြီး ​​သေနတ်​နဲ့စစ်အသုံး​ဆောင်ပစ္စည်း​တွေ အကုန်ထားခဲ့တယ်။ အဲ့ဒါ​တွေသူတို့တပ်(တိုက်/စည်း​)က လာသိမ်းသွားပြီ။ သူ့ကိုရှာမ​တွေ့တာတပ်က အတည်ပြုလိုက်ပြီ။ သူမထွက်​ပြေးခင်ကလည်း သူ့မိတ်​ဆွေ​ လုပ်ငန်းရှင်တွေကို လိုက်နှုတ်ဆက်ခဲ့တယ်။ ဒီ​လောက်လမ်း​တွေပိတ်ထားတဲ့ကြားက သူဘယ်လိုထွက်​ပြေးလည်းဆိုတာ စဥ်းစားစရာဖြစ်​နေတယ်”ဟု တပ်တွင်းနီးစပ်သည့်သတင်းရင်းမြစ်တဦးက မဇ္စျိမကို​ပြောသည်။

ထို စစ်ဆေးရေးဂိတ်သည် ငွေကြေးလာဘ်စားမှု အများဆုံးရှိသဖြင့် ယခင်ကတာဝန်ကျသည့် ဗိုလ်မှူးများမှာ လပိုင်းတွင်ပင် ပြောင်းရွေ့ခဲ့ရ​သော်လည်း ဗိုလ်မှူးထင်လင်းမော်မှာမူ  အထက်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာတတ်သူဖြစ်​သော​ကြောင့် ယင်းစစ်​ဆေး​ရေးဂိတ်တွင် တာဝန်ကျသည်မှာ တနှစ်ရှိပြီဖြစ်​ကြောင်း သိရသည်။

ထွက်ပြေးသည့် ဆရာဝန် နှစ်ဦးမှာ နေ့ဖက်တွင်ဆေးကုရပြီး ညဖက်တွင် လက်နက်ငယ်ပစ္စတိုတလက်နှင့် MA အရှည်တလက်စီ ကိုင်ကာ ကင်းစောင့်နေရသဖြင့် ပင်ပန်းဒဏ် မခံနိုင်တော့ ဟုဆိုကာ ထွက်ပြေးသွားခြင်းဖြစ်​ကြောင်း သိရသည်။

ထို့အတူ စစ်လက်နက်ပစ္စည်းထိန်းသိမ်းရေး တပ်မှ တပ်ကြပ်ကြီးတဦး နှင့် နပခရုံးအုပ် ဖြစ်သူ အရာခံ ဗိုလ်တဦး မှာလည်း စစ်အင်အား လုံလောက်မှု မရှိသည့် ကြားမှ နေ့ ရော ၊ ည ပါ ကင်းစောင့် နေရ​သော​ကြောင့်ထွက်​ပြေးသွားခြင်းဖြစ်​ကြောင်း ၎င်းတို့ နှင့်နီးစပ်သူများက ဆိုသည်။

“အမ်းမြို့ကလည်း မလွဲမ​သွေ မကြာခင်ကျ​တော့မှာဆို​တော့ ဆရာဝန်​တွေက မနက်​​ဆေးကု ညကင်း​စောင့်ရ​​တော့မခံနိုင်​တော့လို့ ထွက်​ပြေးသွားတယ်။  ဘယ်လိုလမ်း​ကြောင်းနဲ့ထွက်​ပြေးလည်း​တော့မသိရဘူး။​ “ဟုတပ်နှင့်နီးစပ်သူတဦးက​ပြောသည်။

နပခတည်ရှိရာ အမ်းတပ်နယ်တခုလုံးတွင် စစ်အင်အား မရှိတော့ကြောင်း ၊ တောင်ကုတ်တပ်မ မှ စေလွှတ်လိုက်သည့် တပ်ကူများမှာလည်း အမ်းမြို့အနီး ပြောင်သေ​ကျေးရွာ တိုက်ပွဲတွင် ကျဆုံးသွားခြင်း၊ မင်းပြားမြို့ တိုင်းဗဟို (၉ )သင်တန်းကျောင်းမှ အမ်းမြို့သို့ ထွက်ပြေးလာသည့် အင်အား အနည်းငယ်သာရှိခြင်းတို့​ကြောင့် နပခဌာနချုပ်အား AA ၏ထိုးစစ်​ဝင်လာလျှင် စစ်ရှုံးနိမ့်နိုင်သည့် အနေအထားရှိ​နိုင်သဖြင့် ထွက်ပြေးရခြင်း ဖြစ်ကြောင်း တပ်တွင်းနီးစပ်သူများနှင့်​ ဒေသခံအချို့က ယူဆကြသည်။

ထို့အပြင် အမ်းခရိုင်တွင် တာဝန်ကျသည်မှာ တလခန့်သာ ရှိသေးသည့်အမ်းခရိုင်တရားသူကြီးလည်း မည်သည့် လမ်းကြောင်းဖြင့် ထွက်ပြေးသွားကြောင်း အတိအကျမသိရှိရဘဲ တရားရုံးသို့ လာရောက်ခြင်းမရှိသလို ၎င်း၏နေအိမ်တွင်လည်းမ​တွေ့ရှိ​​တော့ကြောင်း သိရသည်။

အမ်းမြို့တွင် အချုပ်တရားခံများ ရန်ကုန်အင်းစိန်​အကျဥ်းထောင်သို့ ပို့​ဆောင်ခဲ့သဖြင့် ရာဇဝတ်မှုများ စစ်ဆေးခြင်းမရှိတော့သော်လည်း တရားမမှုများကို ခရိုင်တရားရုံးတွင် ဆက်လက်စစ်ဆေးနေသေးကြောင်း တရားမမှုရင်ဆိုင်နေရသူတစ်ဦးထံက သိရသည်။

ယမန်​နေ့ ဧပြီလ ၈ ရက်ကလည်း အမ်းမြို့အထွက်တွင် စစ်​ကောင်စီလက်​အောက်ခံသစ်တော၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အဆင့် ဦးစီးအရာရှိ သုံးဦးမှာလည်း ဆိုင်ကယ်တစီးဖြင့် ထွက်ပြေးကြရာ လမ်းခုလတ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ထိပ်တိုက်​တွေ့သဖြင့် စစ်ဆေးရာမှ တိမ်း​ရှောင်လာသည်ကိုသိရှိခဲ့ရခြင်းဖြစ်​ကြောင်း AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးကမဇ္စျိမကို​ပြောသည်။

” သုံး​ယောက်ဆိုက်ကယ်တစီးနဲ့ အရပ်ဝတ်နဲ့ထွက်​ပြေးတာ AA ကဂိတ်မှာ ​တောလမ်းက​နေ ဆိုင်ကယ်နဲ့​ပြေးလာတဲ့သူ​​တွေကို မသင်္ကာလို့ စစ်​ဆေး​တော့ သစ်​တော၊ စိုက်ပျိူး​ရေးက လူ​​တွေဖြစ်လို့ထွက်​ပြေးလာတာတဲ့။ တောလမ်းခရီးကို မုဆိုးလမ်းပြငှားရမ်းပြီး လာခဲ့ရတာဆိုလို့ ဆက်သွားခွင့်ပြုလိုက်တယ်”ဟု ၎င်းက​ပြောသည်။

ထို့ပြင် ယမန်နေ့ကလည်း  အမ်းမြို့ လူဝင်မှုကြီးကြပ်​ရေးမှ ဦးစီးမှူး ကျော်မင်းထွန်းလည်း ခွင့်ယူကာ မြို့မှ တိမ်းရှောင်ထွက်​ပြေးသွား​ကြောင်း ဒေသခံများထံက သိရသည်။ ၎င်းသည် မိသားစုဝင်များကို ကြိုတင်တိမ်းရှောင်ခိုင်းထားပြီး ရခိုင်ပြည်နယ်အဆင့် လဝကရုံးသို့ တရားဝင်ခွင့်တင်ကာ အမ်းမြိို့မှ ရန်ကုန်မြို့သို့ လေ​ကြောင်းခရီးစဥ်ဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ အမ်းမြို့နှင့် မ​ကွေးတိုင်းသို့ ဆက်သွယ်ထားသည့် ကားလမ်းများတွင် စစ်​ကောင်စီက စစ်အင်အားတိုးချဲ့ခြင်း၊ တပ်​ပြောင်း​ရွှေ့ခြင်း၊ ရိက္ခာနှင့်စစ်လက်နက်ခဲယမ်းများကိုအရပ်သားကားများဖြင့်သယ်​ဆောင်ခြင်း၊ လမ်းတ​လျှောက်​မြေမြှုပ်မိုင်း​ထောင်ထားခြင်းများရှိသဖြင့် အဓိကကျသည့် အမ်း -ပဒါန်းလမ်းအား ဖြတ်သန်းသွားလာခြင်း မပြုကြောင်း ရက္ခိုင့်တပ်တော်(AA) ကဧပြီလ ၂ ရက်​နေ့တွင် စာထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်​ကြေညာပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်  (နပခ) တည်ရှိရာ အမ်းမြို့မှ စစ်​ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ တ​ရွေ့​ရွေ့ထွက်ပြေးတိမ်းရှောင်မှုများရှိ​ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိအ​ခြေအ​နေအရ အမ်းမြို့တွင် နှစ်ဖက်ထိ​တွေ့တိုက်ပွဲမရှိ​သော်လည်း မြို့နှင့်အနီးအနား တစ်ဝိုက်ရှိတောင်တန်းများကို  စစ်ကောင်စီက ဂျက်လေယာဥ်များဖြင့် နေ့စဥ်​ခြောက်လှန့်ပစ်ခတ်​နေ​ကြောင်း​ဒေသခံများကဆိုသည်။

ရက္ခိုင့်တပ်​​​​တော်(AA)အ​နေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့ကိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး စစ်​ကောင်စီနှင့်နှစ်ဖက်ထိ​​တွေ့တိုက်ပွဲမှာ ငါးလတာနီးပါးကြာမြင့်လာပြီး  စစ်​ရေးတင်းမာ​နေဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး