ဆောမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၉ဦးသေဆုံး၊ ၅၀ကျော်ဒဏ်ရာရ

ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ လေကြောင်းမှတိုက်ခိုက်ခံရသည့်မြင်ကွင်း/ဓာတ်ပုံ။ ။ ကိုဘကောင်း

ကိုခင်မောင်

(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဆောမြို့နယ်၊အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို ယနေ့(မေလ ၉ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသခံကိုးဦးသေဆုံးပြီး ၅၀ကျော်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။

အကြည်ပန်းပလွန်းကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသတွင်း ကုန်စည်စီးဆင်းရေးအတွက် ကားသမားများနှင့် ဒေသခံများအစည်းအဝေး ပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခြင်းဟု သိရသည်။ ဘုန်းကြီးကျောင်းဆောင်ပြိုသွားပြီး မီးလောင်သွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ဘုန်းကြီးကျောင်းပေါ်ကို သုံးပတ်လောက်ဝဲပြီး ဗုံးချတာပါ”ဟု ဒေသခံတဦးကမဇ္ဈိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် ကိုးဦးသေဆုံးခဲ့ပြီး ၅၀ ဦး‌ကျော်ဒဏ်ရာရသည်ဟု ၎င်းက ပြောသည်။

” သေဆုံးတာရော ဒဏ်ရာရတဲ့အထဲမှာပါ အမျိုးသမီးအချို့ပါတယ်လို့သိရတယ်။ တိုက်ပွဲမရှိဘဲ ပစ်သွားတာပါ။ ဒါက ဒေသခံတွေက ကုန်စည်စီးဆင်းရေးအတွက် လုပ်တဲ့အစည်းအဝေးပါ” ဟု ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

လက်ရှိအချိန်တွင် ဘုန်းကြီးကျောင်းဝန်းအတွင်း ကူညီကယ်ဆယ်ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်အခြေအနေကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း – အေးချမ်း