မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စင်တာဝင်းအတွင်း လက်နက်ကြီးကျ၍ ၄ ဦး သေဆုံး ၊ ၂၀ ကျော်ဒဏ်ရာရ

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းမှ တိမ်းရှောင်နေရသူများ/ဓါတ်ပုံ – CJ

ပါခွီး

(မဇ္စျိမ)။ ။ ကလေးမြို့နယ်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစင်တာဝင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသား လေးဦးသေဆုံးသွားပြီး ဦးရေ ၂၀ ကျော် ဒဏ်ရာရသွားကြောင်း ဒေသခံထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်း ၊ မော်စီရွာအနောက်ဘက်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စင်တာ (Chhan Chhuahna Run) ပေါ်သို့ ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့က လက်နက်ကြီးကျည် ခြောက်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ ဆရမ်ထွန်သွမ်မ် ၊ ဒိုကျင်လျန် ၊ ဗြတ်ရွန်စန် နှင့် ပေါင်ဆွမ်းဂျင်တို့ဖြစ်ကြောင်း ဒေသခံထံက သိရသည်။

“ဘုရားကျောင်းဆင်းချိန်မှာ လက်နက်ကြီးကျည်ကျတာ လူလေးယောက်မှာ သုံးယောက်က ပွဲချင်းပြီးသေတယ် ။ တယောက်က ဒဏ်ရာရသွားတယ် ။ ဒဏ်ရာရတာ ပြင်းထန်တဲ့သူတယောက် ဆေးကုဖို့သွားရင်း ထပ်ဆုံးသွားခဲ့တယ်” ဟုဒေသခံ ပရဟိတသမားတစ်ဦးက ပြောဆိုသည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာ ကျေးလက်ဆေးပေးခန်းများတွင် ကုသနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ထိုနေ့ နံနက်ပိုင်းက ဆည်ကြီးရွာတွင် ဝင်ရောက်တပ်စွဲခဲ့ပြီး ညနေ ၄ နာရီခန့်တွင် လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုမူးယစ်ဆေးတိုက်ဖျက်ရေးစခန်း (CCR) ကို ၂၀၂၂ခုနှစ် မတ်လ ၃၁ရက် စတင်တည်ထောင်ခဲ့ပြီး ခရစ်ယာန်ဘာသာရေး အဆုံးအမများဖြင့် မူးယစ်ဆေးဝါး မသုံးစွဲရေးအကူအညီပေးနေခြင်းဖြစ်ပြီး လက်ရှိ လူ ဦးရေ၂၀၀ကျော် နေထိုင်လျက်ရှိ ကြောင်းသိရသည်။ လက်ရှိတွင် စခန်းမှ လူများထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အဝတ်အစားများ အရေးပေါ်လိုအပ်နေကြေြာင်း ကူညီပေးနေသူများထံက သိရသည်။

စစ်ကောင်စီက ကလေးမြို့နယ်တွင်း အင်အား ၁၅၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေပြီး ဆည်ကြီးနှင့် မော်စီရွာတွင် စခန်းချထားကြောင်း၊ အနီးဝန်းကျင်သို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး