မြဝတီမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေး ရပ်ဆိုင်း

ပုံအညွှန်း - ယနေ့ ဧပြီလ ၉ ရက်၊ မဲဆောက်တံတား မြင်ကွင်း

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ အုပ်ချုပ်ရေးလည်ပတ်မှုရပ်ဆိုင်းနေပြီ ဖြစ်သည်ဟု မြဝတီဒေသ ခံများက မဇ္ဈိမကို ပြောသည်။
မြဝတီမြို့မရဲစခန်း၊ ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားပြီး ယနေ့ ဧပြီ ၉ ရက်နေ့တွင် မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များမှာလည်း ပိတ်လုနီးပါးအခြေအနေ ဖြစ်သည်ကို မြင်တွေ့ရသည်ဟု မြဝတီဒေသခံက ပြောသည်။
“ရဲစခန်းကပိတ်ထားတယ်လေ။ ဌာနဆိုင်ရာတွေက မရှိတော့ဘူးဘာမှ။ ဘဏ်တွေကတော့ အကုန်ဖွင့်တာမဟုတ်ဘူး တံခါးတောင်ဖွင့်တဝက်ပိတ်တဝက်ပဲ။ အုပ်ချုပ်ရေးမှူးရုံးတွေက ရပ်ကွက်တွေထဲကဟာတွေရှိတာ။ လမ်းပေါ် ကဟာတွေကတော့မရှိဘူး။ အုပ်ချုပ်ရေးကတော့ စစ်ကောင်စီဘက်ကရပ်နေပြီ။ ဒါမယ့် တခြားအုပ်ချုပ်မှုရှိတာမျိုးတော့လည်း မဟုတ်သေးဘူး” ဟု မြဝတီမြို့ဒေသခံ အမျိုးသားတဦးက ပြောသည်။
ဧပြီလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာ မဲဆောက်လေဆိပ်သို့ စစ်ကောင်စီ စေလွှတ်သော လေယာဉ်တစီးဆင်းသက်ခဲ့ပြီး မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၀ ဦးကို တင်ခေါ်သွားကြောင်း မဲဆောက်မြို့ရှိ မဇ္ဈိမ၏ သတင်းရင်းမြစ်တခုက ပြောသည်။
ယနေ့ ဧပြီလ ၉ ရက်နေ့တွင် မြို့နှင့် သုံးမိုင်အကွာရှိ မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) အနီး လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး ပစ်ခတ်သံများလည်း ကြားနေရ သည်ဟု ဒေသခံက ပြောသည်။
“တိုက်ပွဲကတော့ မနက်တည်းကကြားနေရတာပဲပစ်နေကြတာ။ လေယာဉ်လာ သွားပြီးနောက်ပိုင်း ဒီကလည်းပြန်ပစ်နေကြတာ။ BGF တွေကတော့ ကားဆယ်စီးလောက်နဲ့မြို့ကိုပတ်နေတယ်။ ဘတ်တံဆိပ်တွေဖြုတ်ပြီးပတ်နေတာ” ဟု မြဝတီမြို့ဒေသခံ နောက်တဦးက ပြောသည်။
မြဝတီမြို့ သင်္ကန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ (၃၅၇) တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်များမှ ဧပြီ ၅ရက်က တိုက်ခိုက် သိမ်းယူခဲ့ပြီးဖြစ်သည်။
ထို့နောက် မြဝတီ ခလရ (၂၅၇) ရှိ စစ်ကောင်စီတပ်သားများကို လက်နက်ချရန် ကမ်းလှမ်းထားကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ယနေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားလာခြင်း ဖြစ်သည်။
မြန်မာ- ထိုင်းနယ်စပ်က မြဝတီမြို့တွင် ဖြစ်ပွားနေသော အခြေအနေအများနှင့် ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဦးဆောင်သော အရေးပေါ် အစည်းအဝေးတခုကို ယနေ့ ကျင်းပခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ကိစ္စများကို စောင့်ကြည့်ဖို့ လုပ်ငန်းကော်မတီ တခုဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ တိုက်ပွဲအခြေအနေများကြောင့် မြဝတီမြို့ခံများမှာ မြို့ကိုစွန့်ခွာ၍ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)မှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်လာကြသည်ကို တွေ့ရသည်။

စာတည်း။ ။ နောင်နောင်