ကနေဒါရွေးကောက်ပွဲ ၂ ခုတွင် တရုတ်ဝင်ရောက်စွက်ဖက်ခဲ့

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရသော ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် အော့တာါဝါမြို့ရှိ  ကနေဒါလုံခြုံရေးစုံစမ်းစစ်ဆေးမှုဌာန (CSIS) ရုံးချုပ်ဆိုင်းဘုတ်

Reuters

တရုတ်သည် ပြီးခဲ့သော ရွေးကောက်ပွဲ နှစ်ခုတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း  ကနေဒါ ပြည်တွင်းစုံစမ်းရေးအေဂျင်စီက ဧပြီ ၈ ရက်ကပြုလုပ်ခဲ့သော တရားဝင်စုံစမ်းစစ်ဆေးမှုဆိုင်ရာကြားနာပွဲ၌ ပြောကြားခဲ့ပြီး ယင်းသည် ကနေဒါနိုင်ငံရေး၌ တရုတ်က စွက်ဖက်ခဲ့သည်ဟူသော သံသယကိစ္စများအနက် အခိုင်မာဆုံး သက်သေအထောက်အထားပင်ဖြစ်သည်။

ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး၏လစ်ဘရယ်ပါတီသည် ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲနှစ်ခုစလုံး၌ အနိုင်ရရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ဖြစ်နိုင်ခြေရှိသော ဝင်ရောက်စွက်ဖက်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ အတိုက်အခံ ဥပဒေပြုအမတ်များ၏ ဖိအားပေးမှုကြောင့် ထရူးဒိုးသည် ပြည်ပဝင်ရောက်စွက်ဖက်မှုဆိုင်ရာကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့သည်။

ကနေဒါလုံခြုံရေးစုံစမ်းစစ်ဆေးမှုဌာန (CSIS) သည်  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီဖြစ်ရပ် ကောက်နုတ်ချက်ပါရှိသော ရုပ်ပုံဆလိုက်တခုကို ကော်မရှင်အား ဧပြီ ၈ ရက်က ပြသခဲ့သည်။

“တရုက်က ၂၀၁၉ နဲ့ ၂၀၂၁ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ လျှို့ဝှက် လှည့်ဖြားပြီးတော့ ဝင်ရောက်စွက်ဖက်ခဲ့တာကို ကျွန်တော်တို့ သိထားပါတယ်။ ဒီရွေးကောက်ပွဲ ၂ ခုလုံးမှာ နိုင်ငံရပ်ခြားဝင်ရောက်စွက်ဖက်မှုလှုပ်ရှားမှုတွေဟာ လက်တွေ့ဆန်ပြီး တရုတ်အစိုးရအကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တရုတ်ကိုထောက်ခံသူ ဒါမှမဟုတ် ကြားနေလူတွေကို အထူးအလေးပေးထားပါတယ်”  ဟု ဆိုသည်။

CSIS အကဲဖြတ်မှုအကြောင်းကို Global News က ဖော်ပြခဲ့ဖူးပြီး တရုတ်က ကနေဒါနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုကို ငြင်းဆိုထားသည်။

၂၀၂၁  ခုနှစ် မဲဆွယ်ပွဲအတွင်း ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်သူ အာရင်အိုတူးလ်က တရုတ်၏ဝင်ရောက်စွက်ဖက်မှုကြောင့်ပါတီအတွက် ကိုးနေရာ ဆုံးရှုံးခဲ့သည်ဟု ခန့်မှန်းခဲ့ပြီး ထိုရလဒ်က ရွေးကောက်ပွဲလမ်းကြောင်းကို ပြောင်းလဲနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“တရားရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ အကျိုးဆက် မရှိသလောက်နည်းသောကြောင့် ကနေဒါတွင် နိုင်ငံရေးသမားများသည် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ပြည်ပဝင်ရောက်စွက်ဖက်မှုသည် အန္တရာယ်နည်းပါးကာ အကျိုးအမြတ်များခဲ့ကြောင်း CSIS ၏ အကဲဖြတ်ချက်၌ ဖော်ပြထားသည်။

ထောက်လှမ်းရေးလေ့လာသုံးသပ်သူများနှင့် ကွန်ဆာဗေးတစ်များက ထရူးဒိုးအစိုးရသည် တရုတ်၏ဝင်ရောက်စွက်ဖက်မှုကို တိုက်ဖျက်နိုင်လောက်အောင် မလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထရူးဒိုးသည် ဧပြီ ၁၀ ရက်တွင် ကော်မရှင်ထံ သက်သေထွက်ဆိုရမည်ဖြစ်သည်။

လစ်ဘရယ်များထက် တရုတ်နိုင်ငံအပေါ် ယေဘုယျအားဖြင့် သဘောထားပိုတင်းမာသော ကွန်ဆာဗေးတစ်များသည် ဝီဂါလူနည်းစုအပေါ် တရုတ်၏ပြုမူဆက်ဆံပုံကို ရှုတ်ချကာ ၂၀၂၁ ခုနှစ်တွင် မဲဆွယ်စည်းရုံးခဲ့ပြီး  5G ကွန်ရက်တွင် တရုတ်မိုဘိုင်းကုမ္ပဏီကြီး Huawei ကို တားမြစ်ပိတ်ပင်မည်ဟု ကတိပြုခဲ့သည်။

လက်ဝဲယိမ်းလူနည်းစု ဒီမိုကရက်လက်သစ်များဘက်မှ ဥပဒေပြုအမတ်တဦးက သူမသည် တရုတ်၏ ဟောင်ကောင်မူဝါဒကို စတင်ဝေဖန်ချိန်မှစ၍ နိုင်ငံရေးအရ သြဇာကြီးမားသော တရုတ်အသိုက်အဝန်းမှ ကျင်းပသည့် အခမ်းအနားများသို့ ဖိတ်ကြားခြင်းမခံရတော့ကြောင်း စုံစမ်းရေးကော်မရှင်ထံသို့ ပြောကြားခဲ့သည်။

၂၀၂၁ တရားဝင် သန်းခေါင်စာရင်းအရ ကနေဒါတွင် တရုတ်နွယ်ဖွား ၁ ဒသမ ၇ သန်းခန့် နေထိုင်ပြီး ကနေဒါစုစုပေါင်းလူဦးရေ၏ ၅ ရာခိုင်နှုန်းအောက်ရှိသည်။

တရုတ်သံရုံးသည် CSIS ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပေ။

ဟောင်ကောင်တွင် မိသားစုရှိသော ကွန်ဆာဗေးတစ် ဥပဒေပြုလွှတ်တော်အမတ်တဦးသည် ပြီးခဲ့သည့်နှစ်က အွန်လိုင်းမဟုတ်မမှန်လုပ်ကြံမှုတခုတွင် ပစ်မှတ်ထားခံခဲ့ရကြောင်းနှင့် အကြီးတန်း တရုတ်သံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ကြောင်း ကနေဒါက ပြောကြားခဲ့သည်။