စစ်ကောင်စီတပ်ရင်း၂ခုကို KIAပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

နွမ်လန့်စစ်ကောင်စီတပ်ရင်းရှေ့ရောက် KPDF တပ်ဖွဲ့ဝင်တဦး

အဂမ်

မဇ္ဈိမ။ ။မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ မိုးမောက်မြို့နယ်အဝင် စစ်ကောင်စီတပ်ရင်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ယမန်နေ့မတ်လ ၂၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီကလေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်များကပြောသည်။

မိုးမောက်မြို့နယ် နွမ်းလန်းကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၄၃၈) နှင့် နောင်ကွမ်ကျေးရွာမှ လက်နက်ကြီးတပ်ရင်းစခန်း(၆၁၆) ကို KIAနှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု သိရသည်။

“အဲ့နေရာက မိုးမောက်အထက်က နေရာတွေဟုတ်တယ်။ အဲ့နေရာက လမ်းမကြီးကို ကာကွယ်တဲ့စခန်း။ ဗန်းမော်ဒကစရဲ့ ရှေ့တန်းစခန်းလို့လည်း ပြောလို့ရတယ်”ဟု KIAသတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်ရင်းနှစ်ခုကို KIAနှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီကလေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေသလို ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပူးပေါင်းတပ်ကလိုက်လံတိုက်ခိုက်နေ၍ လတ်တလောတွင်မြေပြင်နယ်‌မြေရှင်းလင်းရေး မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့်အပြင်းအထန်ခုခံတိုက်ခိုက်နေသည့်ကြားမှ တပ်ရင်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု KIAသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးရရှိခဲ့သည်ဟုသတင်းရရှိသော်လည်း မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က အသေးစိတ်ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

KIA နှင့် ပူးပေါင်းတပ်သည် ယနေ့ မတ်လ ၂၂ရက်တွင် နောင်ကွမ်ကျေးရွာမှ အမြောက်တပ်ရင်း အမှတ်(၃၇၀)ကိုလည်း ထပ်မံ၍ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

စာတည်း – အေးချမ်း