ဘုတလင်မြို့ ထန်းတောရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သားကို လက်နက်နှင့်ဖမ်းမိ

ပုံညွှန်း- စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိသည့် လက်နက်နှင့် စစ်သုံးပစ္စည်း။

ပုံညွှန်း- စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိသည့် လက်နက်နှင့် စစ်သုံးပစ္စည်း။

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ထန်းတောကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား တဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် BNRA တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီ ၂၅ ရက် ည ၂ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြာချိန် ၁၀ မိနစ်သာ ရှိခဲ့ကြောင်း နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ တဦးက ဆိုသည်။

“ စစ်ကြောင်းရဲ့ ရှေ့ပြေး ကာကင်းနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ နယ်မြေကျွမ်းကျင်မှုကို အခြေခံပြီး ချုံခိုတိုက်ခိုက်ခဲ့တာ ပါ။ တိုက်ခိုက်မှု ကြာချိန် ၁၀ မိနစ်သာ ရှိခဲ့ပြီး ရန်သူ့ရှေ့ကင်းကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်” ဟု ၎င်းတာဝန်ခံက ဆိုသည်။

စစ်ကြောင်းတွင် ခန့်မှန်းစစ်အင်အား ၇၀ ခန့်ရှိပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းနှင့် ဒုံး ပေါင်းစပ်တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းရေးထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း BNRA တပ်ဖွဲ့ထံမှ သိရသည်။

“ ရန်သူ့ ရှေ့ပြေး ကာကင်း နှင့် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပြီး စစ်သား တဦး အရှင်ဖမ်းမိခဲ့တယ်။ ဖမ်းဆီးရမိတဲ့ စစ်သားရဲ့ အိပ်ကပ်ထဲမှာ မူးယစ်ဆေးဝါးတွေကိုလည်း ဖမ်းမိခဲ့တယ်။ လက်ရှိတော့ သက်ဆိုင်ရာ မြို့နယ် အဖွဲ့တွေဆီကို ပို့လိုက်တယ်” ဟု နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး တဦးအရှင်ဖမ်းမိကာ ၊ စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-1 တလက် ၊ အီနာဂါ တလုံး နှင့် အခြား စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း BNRA တပ်ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ရင်း(၃)နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ရဲဘော်တဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း BNRA တပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အထိအခိုက်များရှိခဲ့သည့် စစ်ကောင်စီတပ်က ထန်းတောကျေးရွာရှိ နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် လက်ရှိအချိန်တွင် ဘုတလင်မြို့နယ် ရုန်းသာကျေးရွာသို့ ရောက်ရှိနေပြီး ၊ စစ်ကြောင်းကြောင့် ရုန်းသာ ၊ ကွမ်းခြံ ၊ ထန်းတောကျေးရွာများမှ ဒေသခံ ၄,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)