တိုက်ပွဲကြောင့် ထို့ကော်ကိုး-မြဝတီလမ်း အသုံးပြုခွင့် ကန့်သတ်

ပုံအညွှန်း- ထို့ကော်ကိုးလမ်းတနေရာမြင်ကွင်း (ဓါတ်ပုံ- လူမှုကွန်ရက်) (ပုံဟောင်းဖြစ်ပါသည်)

ပုံအညွှန်း- ထို့ကော်ကိုးလမ်းတနေရာမြင်ကွင်း (ဓါတ်ပုံ- လူမှုကွန်ရက်) (ပုံဟောင်းဖြစ်ပါသည်)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘားအံ-ထို့ကော်ကိုး-မြဝတီလမ်း​၏ မြဝတီမြို့ဘက်သို့အတက်လမ်းအသုံးပြုခွင့် ကန့်သတ်ထားကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားများထံမှ သိရသည်။

ယမန်နေ့(ဧပြီလ ၉ ရက်)က စတင်ခဲ့သည့် မြဝတီမြို့အခြေစိုက်ခြေလျင်တပ်ရင်း ခလရ(၂၇၅)စခန်းသိမ်းတိုက်ပွဲနှင့် မြို့နယ်တဝိုက် စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘားအံ-ထို့ကော်ကိုးလမ်းကို အသုံးပြုခွင့်ပေးထားသော်လည်း မြဝတီဘက်သို့ အထွက်နေရာများကို ပေးမသွားတော့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းတဦးက ယ‌နေ့(ဧပြီလ ၁၀ရက်) ပြောသည်။

” ဘားအံကနေ ထို့ကော်ကိုး၊ ကြက်ဥတောင် နှစ်လမ်းလုံးကိုက ပေးတက်တယ်။ ဒါပေမယ့် မြဝတီကို ထွက်မယ့် ရေပူတို့ သဲပုံတို့နားကျမှ ပေးမသွားတော့တာ။ PC တို့ KNU တို့လို အဖွဲ့စုံတွေပေါ့။ တရားဝင် ပိတ်တယ်ဆိုပြီး ကြေညာထားတာ မဟုတ်ဘူး။ ပေးမသွားတော့တာ။ ကျွန်တော်တို့ကတော့ ဒီမနက် ပြန်လှည့်လာခဲ့တယ်” ဟု ယာဉ်မောင်းတဦးက ပြောသည်။

ဘားအံ- ထို့ကော်ကိုးလမ်းမှတဆင့် မြဝတီဘက်သို့ ဝင်ရောက်မည့် ကားများကို ထို့ကော်ကိုးဂိတ်၊ ရေပူနှင့် နဒီလင်းမြိုင် စသည့်နေရာများတွင် အဝင်ကန့်သတ်ထားခြင်းဖြစ်ပြီး ပိတ်မိနေသည့်ကားများရှိသကဲ့သို့ ဘားအံဘက်သို့ ပြန်ဆင်းနေသည့် ကားများလည်းရှိသည်ဟု သိရသည်။

အလားတူ ဘားအံ – ကြက်ဥတောင်လမ်းမှ မြဝတီအဝင် သဲပုံဂိတ်တွင်လည်း မြဝတီဘက်သို့ ဝင်မည့် ကားများကို သွားလာခွင့် ပိတ်ထားကြောင်း ခရီးသွားများက ဆိုသည်။

” ကျွန်တော်တို့ လမ်းတဝက်ကနေ ပြန်လှည့်ခဲ့ရပြီလေ။နဘူးလောက်ထိရောက်နေပြီ။ပေးမတက်တော့လို့ ပြန်လှည့်လာခဲ့ရတာ။ ခြောက်ဘီးကားတွေ ကုန်ကားတွေကတော့ ဆက်စောင့်နေကြသေးတယ်။ ပိတ်နေတာလည်း အများကြီးပဲ” ဟု ခရီးသွားတဦးက ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA- PC) တာဝန်ရှိသူတဦးက ” ကျွန်တော်တို့ အဆင်းကားတွေကို အရင်ပေးသွားနေတာပါ။ သင်္ကြန်ပြန်ဆင်းတဲ့ကားတွေက များတော့လေ။ ဒါတွေ ရှင်းသွားပြီဆိုမှ အခြေအနေကြည့်ပြီး လွှတ်ပေးမှာပါ။ ဒါပေမယ့် နဒီလင်းမြိုင်ဘက်မှာတော့ ပိတ်ထားတယ်” ဟု ပြောသည်။

နဒီလင်းမြိုင်တံတားဂိတ်သည် ယခုတိုက်ပွဲဖြစ်ပွားနေသော ခလရ( ၂၇၅)နှင့် လေးမိုင်ခန့်အကွာ၌တည်ရှိပြီး ခရီးသွားများ၏လုံခြုံရေးအတွက် လမ်းခရီးအသုံးပြုခွင့် ယာယီကန့်သတ်ထားခြင်းဟု ၎င်းကဆိုသည်။

ကော့ကရိတ်မြို့နယ်နှင့် အာရှလမ်းတလျှောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အာရှလမ်းကို အသုံးပြုခွင့် မရတော့သည့် အချိန်မှစ၍ ဘားအံ- ထို့ကော်ကိုး- မြဝတီလမ်းနှင့် ဘားအံ-ကြက်ဥတောင်- မြဝတီလမ်း စသည့် တောလမ်းများကို ခရီးသွားများကအသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။အဆိုပါ တောလမ်းများ​၏ မြဝတီအဝင်လမ်းပိုင်းများသည် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ခလရ (၂၇၅) နှင့် ပျမ်းမျှငါးမိုင်ဝန်းကျင်သာ ကွာခြားကြောင်း ယာဉ်မောင်းများက ဆိုသည်။ လမ်းပိုင်းတလျှောက်၌ တော်လှန်ရေးအင်အားစုများအပြင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)တို့လည်း လုံခြုံရေးယူထားကြောင်း သိရသည်။

မြ၀တီမြို့မှ ခလရ(၂၇၅)ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်( KNLA)နှင့် PDF ပူးပေါင်းတပ်များက ယမန်နေ့ နေ့လယ်မှစ၍ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု ခုခံတိုက်ခိုက်နေကြောင်းဒေသခံများကပြောသည်။ ယနေ့ညနေတွင်လည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများရှိကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စာတည်း – အေးချမ်း