ချောင်းဦးတွင် ကင်းလှည့်လာသည့် ရဲတပ်ဖွဲ့ကား တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရရှိခဲ့သည့်ကား။

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့ ပွဲရပ် ရပ်ကွက်တွင် အိမ်စီးကားဖြင့် ကင်းလှည့်လာသည့်ရဲတပ်ဖွဲ့ကား တိုက်ခိုက်ခံရပြီး ရဲတပ်သား နှစ်ဦးသေဆုံးသွားသည်ဟု Burma Liberation Democratic Front – BLDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။

“ကားပေါ်မှာ ဒုရဲအုပ် အပါအဝင် ရဲတပ်သား သုံးဦး လိုက်ပါလာခဲ့တဲ့ သတင်းရလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကားကို ထားခဲ့ပြီး ပြည်သူ့ ဆိုင်ကယ်တွေကို လုယက်ပြီး သွေးရူးသွေးတန်းနဲ့ မောင်းပြီး ထွက်ပြေးသွားတာ ဖြစ်တယ်” ဟု BLDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ဧပြီလ ၁၁ ရက် ညနေ ၄ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်တဦးပါ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းကဆိုသည်။

ယင်းတိုက်ခိုက်မှုကို Burma Liberation Front-BLDF တပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကားတစီးနှင့် ဖုန်းနှစ်လုံး သိမ်းဆည်းရမိခဲ့ကာ အခင်းဖြစ်ပွားသည့် နေရာနှင့် ရဲစခန်းမှာ မီတာ ၅၀၀ ခန့်အကွာသာ ရှိသည့်အတွက် မစ်ရှင်ကို ငါးမိနစ်အတွင်း ပြီး‌ အောင်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း BLDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်းပင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ဖောက်ဝင်ရောက်လာကာ လူနေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု ချောင်းဦးဒေသခံထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ