စစ်ကောင်စီ၏ ကြိမ်ချောင်းဗျူဟာကို AA အပြီးသတ်သိမ်းပိုက်

002
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မောင်တော်မြို့ရှိ စစ်ကောင်စီ၏ ကြိမ်ချောင်းဗျူဟာကို ယမန်နေ့ (ဧပြီလ ၁၂ ရက်) က အာရက္ခတပ်တော် (AA)က အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။
ကြိမ်ချောင်းဗျူဟာကုန်းသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၇ ) ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ ၁၅၀ ခန့်ရှိသော စခန်းကြီးတခုဖြစ်သည်။
ထိုစခန်းကို AA က လအတန်ကြာ ဝန်းရံပိတ်ဆို့ဖြတ်တောက် ထားပြီး ပြီးခဲ့သည့် မတ်လ ၂၃ ရက်တွင် ထိုးစစ်ကို အရှိန်အဟုန်မြှင့်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုစခန်းတွင် ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်ပြီး ထိုးစစ်ကို အသည်းအသန် ခုခံခဲ့ကြောင်း AA က ဆိုသည်။
စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ အဖွဲ့ဝင် အမြောက်အမြား ကျဆုံးပြီး သုံ့ပန်းတချို့နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု AA က ထုတ်ပြန်သည်။
ထို့ပြင် စခန်းသိမ်းတိုက်ပွဲတွင် AA ဘက်မှလည်း ကျဆုံးသူများရှိသည်ဟု ဖော်ပြထားပြီး အရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော အမ်းဌာနချုပ်၊ ဘူးသီးတောင်ရှိ စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ်ရှိ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင်မည် ဖြစ်ပြီး အမြန်ဆုံး လက်နက်ချရန် AA က သတိပေးထားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) တည်ရှိရာ အမ်းမြို့တွင်လည်း ဧပြီ ၁၀ ရက်၊ ညနေပိုင်းက လုံးကျေးရွာ၏ အနောက်ဘက်တွင် စစ်ကောင်စီ၏ အင်အား ၅၀ ခန့်ပါစစ်ကြောင်းနှင့် AA တပ်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများပြီး နပခ ဌာနချုပ်တည်ရှိရာ အမ်းမြို့သို့ ပြန်လည်တပ်ဆုတ်သွားကာ AA ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူ အချို့ရှိကြောင်း သိရသည်။
ထို့ပြင် ဧပြီ ၁၁ ရက် နံနက်ပိုင်းက အမ်းမြို့နယ်တွင် လည်းကောင်း၊ ဧပြီလ ၁၀ ရက်က မောင်တောမြို့နယ်တွင် လည်းကောင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း AA ကဆိုသည်။
စာတည်း။ ။အောင်ကျော်ဖြိုး