မြို့ကို အလုံးစုံထိန်းချုပ်ရန်အတွက် ဖာပွန်ဗျူဟာကို KNU တပ် ဆက်လက်တိုက်ခိုက်

YT

(မဇ္ဈိမ)။ ။ဖာပွန်မြို့နယ်တခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် ဖာပွန်ဗျူဟာကုန်းကို KNU ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေရာ ယနေ့ (ဧပြီလ ၁၂ ရက်) နေ့အထိ ဖာပွန်ဗျူဟာကုန်း၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းမှပစ်ခတ် ခုခံနေသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် သုံးမိုင်ခန့်အကွာ၊ တံခွန်တိုင်ရွာအနီးရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချ စဗခ (၁) ဖာပွန်ဗျူဟာကုန်း အနီးတဝိုက်ကို စစ်ကောင်စီက နေ့စဉ်လေကြောင်းမှ ခုခံပစ်ခတ်နေခြင်း ဖြစ်သည်။

KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ” ဖာပွန်မြို့ တမြို့လုံးမှာတော့ စကစရဲ့ တပ်တွေကတော့ မရှိတော့ဘူး။ ဒါပေမယ့် အခုလက်ရှိ ဗျူဟာကုန်းပေါ့ ဝေမှုန်မှာ ရှိတာ၊ သူတို့ အဲ့ဒီမှာ စုပြီး ခုခံနေတယ်” ဟု မဇ္ဈိမကို ပြောသည်။

“သူတို့ရဲ့ ပစ်ကူအနေနဲ့ လေယာဉ်ပျံကတော့ နေ့တိုင်းပဲ လာပြီး ပစ်တာရှိတယ်။ ဂျက်တိုက်လေယာဉ်နဲ့ လာပစ်တာရှထတယ်။ Y-12 နဲ့လည်း ပစ်မှတ်ကို ပတ်ရှာပြီးတော့ ပစ်ချင်တဲ့နေရာရှာပြီးတော့ ပစ်တာလည်း ရှိတယ်၊ ဒါကြောင့် ဘယ်သူမှ ပြန်မနေရဲသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

မတ်လ ၁၉ ရက်နေ့မှစ၍ ဖာပွန်မြို့ရှိ စစ်ကောင်စီအထိုင်ချနေရာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့ တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ စွန့်ခွာသွားသည့် ဖာပွန်မြို့ပေါ်ကို KNLA က နယ်မြေရှင်းလင်း ထိန်းချုပ်ခဲ့သည်။

ယင်းနောက် ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီအထိုင်ချတပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ မတ်လ ၃၀ ရက်နေ့တွင် ခြေလျင်တပ်ရင်း ခလရ (၁၉)နှင့် စစ်လက်နက်ပစ္စည်းတပ် -စစန (၆၄၂)၊ ဧပြီလ ၉ ရက်နေ့တွင် ခြေမြန်တပ်ရင်း ခမရ (၄၃၄) တို့ကို သိမ်းပိုက်လိုက်သည်။

လက်ရှိတွင် ဖာပွန်မြို့နယ်၌ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၃၄၀)၊ (၃၄၁) နှင့် ဖာပွန်ဗျူဟာစသည့် အထိုင်ချတပ်ရင်းများ ကျန်ရှိနေသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိပြီး ၁၅ ဦးဝန်းကျင် ဒဏ်ရာရထားကာ နေအိမ်ထိခိုက်ပျက်စီးမှု၏များစွာ ရှိနေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောသည်။

အလားတူပင် အဆိုပါ တိုက်ခိုက်မှုများကြောင့် ဖာပွန်မြို့ပေါ်နှင့် အနီးအနား ကျေးရွာများမှ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံများ ဘေးလွတ်ရာ တောအစပ်များ၊ လျှိုမြောင်များတွင် တိမ်းရှောင်ထွက်ပြေးနေကြရပြီး ဖာပွန်မြို့တွင် ပြန်လည်နေထိုင်သူ မရှိသေးကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်