စစ်မှုထမ်းဥပဒေကြောင့် ရောက်ရှိလာသည့်လူငယ်များပါဝင်သော BLDF ၏ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကြေညာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်လာသည့်လူငယ်များပါဝင်သော အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း ဗမာလွတ် မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ထံမှ သိရသည်။

အဆိုပါအခြေခံစစ်ပညာသင်တန်းဆင်ပွဲကို ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းက အညာဒေသ တနေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း BLDF ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကဆိုသည်။

“သင်တန်းသားအများစုက စစ်မှုထမ်းဥပဒေကြေညာပြီးနောက် ဝင်လာသူတွေများတယ်။ သင်တန်းမှာ စိတ်ဓာတ်ခံယူချက်တွေနဲ့ မဆုတ်မနစ်ကြိုးစားခဲ့ကြပါတယ်။ သင်တန်းပြီးရင်တော့ သက်ဆိုင်ရာစစ်ဒေသတွေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်ကြရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းတွင် သင်တန်းသားရဲဘော်များအား အမိန့်နာခံမှု၊ တိုက်ခိုက်ရေးနည်း လမ်း၊ လက်နက်ငယ်ကိုင်တွယ်ကျွမ်းကျင်မှု၊ ရဲဘော်ရဲဘက်စိတ်ထားရှိမှု၊ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် ကျရာ တာဝန်အပေါ် မခိုမကပ်လုပ်ဆောင်မှုရှိရေး စသည်တို့ကိုသင်ကြားပို့သခဲ့ကြောင်း BLDF ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။

“ချိတ်ဆက်ဝင်ရောက်လာတဲ့လူငယ်တွေကို လုံခြုံရေးအရ သီးခြားနေရာတခုမှာ အချိန်ကာလတခုထိ ကျနော်တို့ ထားတယ်။ သူတို့ရဲ့နောက်ကြောင်းကို သက်ဆိုင်ရာဒေသခံတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေဆီ ချိတ်ဆက်ပြီး စုံစမ်းမှုတွေလုပ်တယ်၊ ဒါမျိုးစိစစ်ပြီး စိတ်ချယုံကြည်လို့ရတဲ့ အခြေအနေရောက်မှ ခေါ်တာ ဖြစ်ပါတယ်” ဟု BLDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ တနှစ်ခန့်ရှိပြီဖြစ်ပြီး စစ်ဒေသနှစ်ခုနှင့် ရှေ့တန်းစစ်မျက်နှာအချို့ကိုဖွဲ့စည်းတည်ထောင်ကာ မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်များ ရှိ တော်လှန်ရေးတပ်ပေါင်းစုများနှင့် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန(MOD)၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် လိုက်နာဆောင်ရွက်နေသည့်အပြင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးစီမံချက်များနှင့် ဟန်ချက်ညီ လိုက်ပါဆောင်ရွက်နေ သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ