ခလရ(၂၉၉)နှင့် မလွှဲတောင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိအဆင့်အပါဝင် ၅ ဦး သေဆုံး

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။မွန်-တနင်္သာရီလမ်းပိုင်းရှိ စစ်ကောင်စီ၏ ခလရ (၂၉၉) တပ်ရင်းနှင့် မလွှဲတောင်ဂိတ်တို့ကို ဧပြီ လ ၁၂ ရက်နေ့က ဒေါနစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ အရာရှိအဆင့်တဦးအပါဝင် ငါးဦးသေဆုံးကာ ၃၀ ကျော်နီးပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေါနစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရေးမြို့နယ်ရှိ ကိုးကျေးရွာမှ ခလရ(၂၉၉)တပ်ရင်းနှင့် မွန်-တနင်္သာရီနယ်ခြားမျဥ်းပေါ်ရှိ မလွှဲတောင်ဂိတ် တို့ကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် လက်နက်ကြီး ၁၇ ကြိမ်နှင့် ဒရုန်းဗုံးသီး အလုံး ၈၀ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်း၏ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံကပြောသည်။

“စစ်ကောင်စီတပ်က ဗိုလ်တဦးအပါ၀င် ငါးဦးသေတယ်၊ ၃၀ ကျော်ထိခိုက်တယ်လို့ ရေးမြို့နယ်ဆေးရုံက တဆင့် သိရတယ်”ဟု ဒေါနစစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ Y Nai က ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က K-8W နှစ်စင်း၊ Mi-35 တစင်း၊ Y-12 တစင်း စုစုပေါင်းလေယာဉ်လေး စင်းအသုံးပြုကာဗုံးကြဲတိုက်ခိုက်သဖြင့် ကိုးမိုင်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်နှစ်လုံးထိ ခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်တဦးကျဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။

ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း(၁)၊ ရေး ပြောက်ကျားတပ်ဖွဲ့ (ဒေါနတပ်ခွဲ-၃) YGF ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄) KBDF ၊ ဝေဟင်တပ်ဖွဲ့ (ဒေါနတပ်ခွဲ-၆) ၊ ထားဝယ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၇) DDT ၊ ရေးသိမ်းငှက် (ဒေါနလုံခြုံရေးတပ်ခွဲ) ၊ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း(T1) ၊ Saw Dragon Drone Force (ဒရုန်းအထူးတပ်ဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မွန်-တနင်္သာရီလမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးအား မတ်လ ၁၃ ရက်နေ့မှစ၍ တော်လှန် ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ စိုးမိုးထိန်းချုပ်ထားနိုင်ပြီး ခရီးသည်တင်ကားများနှင့် ကုန်ကားများ မှန်ချပြီး သွားလာရန်နှင့် စစ်ရေးသတိပေးချက်များအား လိုက်နာကြရန် တော်လှန်ရေးပူးပေါင်းအဖွဲ့က သတိပေးထားသည်။

စာတည်း။ ။စောဖေ