တရုတ်ကွန်မြူနစ်ပါတီက ကုလသမဂ္ဂကို ပူးသတ်နေဟု အမေရိကန်လွှတ်တော် ကော်မရှင်အကြီးအကဲ စွပ်စွဲ

ကော်မရှင် ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ခရစ် စမစ်သ်/Photo:AFP

MSN

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် အပြစ်မကျဘဲ ပန်းပန်လျက် ရှိပြီး ဝေဖန်ပြစ်တင်မှုတို့ကို ရှောင်ရှားရန် ကုလသမဂ္ဂကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၌ ယင်း၏ လက်တံများကို ချဲ့ထွင်နေကြောင်း အမေရိကန်ကွန်ဂရက်၏ တရုတ်ဆိုင်ရာ စီရင်ဆုံးဖြတ်ခွင့်ရှိသော ကော်မရှင် ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ခရစ် စမစ်သ်က ပြောသည်။

“သူတို့ (CCP) ဟာ တကယ့်ကို ပေါ်ပေါ်ထင်ထင်နဲ့ အပြစ်မကျဘဲ ပန်းပန်လျက် ရှိနေတယ်။ နိုင်ငံတော်တော်များများဟာ တရုတ်ရဲ့ နာမည်ဆိုးထွက်တဲ့ အရေးကိစ္စတွေမှာ မျက်စိမှတ်ခေါင်းညိတ် ဒါမှမဟုတ် ခေါင်းရှောင်နေကြတယ်” ဟု အမေရိကန်လွှတ်တော်ကော်မရှင်ဥက္ကဋ္ဌက တရုတ် CCP အာဏာပိုင်တို့၏ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ဖိနှိပ်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုတို့ကို နေရာတကာ အသုံးပြုမှုတို့ကို ရည်ညွှန်းရင်း The Epoch Times ကို ပြောဆိုသည်။

“ဘယ်နေရာပဲဖြစ်ဖြစ် ခင်ဗျား ကြည့်ကြည့်လိုက်ပါ။ ဒါက မကောင်းသလို ပိုပြီးတော့တောင် ဆိုးလာနေတယ်။ သူတို့ (CCP) ဟာ မကောင်းမှုကို ဖုံးကွယ်ဖို့ ကုလသမဂ္ဂမှာ ဖိအားပေးအသုံးချဖို့ အစွမ်းကုန်ကြိုးပမ်းနေတယ်” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ စနစ်ကို ဖြိုဖျက်၊ ပူးသတ်ရန် တရုတ်၏ ဆယ်စုနှစ်ကြာ အားထုတ်မှုနှင့်ပတ်သက်ပြီး စူးစမ်းစစ်ဆေးသည့် ကြားနာပွဲတခုကို ဧပြီ ၁၀ ရက်က အမေရိကန်ကွန်ဂရက်၏ တရုတ်ဆိုင်ရာ စီရင်ဆုံးဖြတ်ခွင့်ရှိသော ကော်မရှင် ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ခရစ် စမစ်သ်က သဘာပတိမူခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

အမေရိကန်သည် ကုလသမဂ္ဂထံ အကြီးဆုံး ရန်ပုံငွေထည့်ဝင်သူနိုင်ငံဖြစ်ပြီး ရရှိထားသည့် ဒေတာအချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၈ ဘီလီယံအထိ ထည့်ဝင်ပေးခဲ့ကြောင်း သိရသည်။

သို့သော် သာမန်ထက် များသော ငွေထည့်ဝင်မှု ရှိလင့်ကစား တရုတ်နှင့်ယှဉ်လျင် အမေရိကန်၏ ပေးကမ်းရက်ရောမှုက ကုလသမဂ္ဂ၌ ဩဇာလွှမ်းမိုးမှု အချိုးညီစေရန် အဓိပ္ပါယ်မထွက်ခဲ့ပေ။

၂၀၂၀ မှစ၍ တရုတ်အရာရှိများသည် ကုလသမဂ္ဂ အထူးအေဂျင်စီ ၁၅ ခုအနက် လေးခုကို ဦးဆောင်ခဲ့သည်ဟု သိရသလို အခြားအေဂျင်စီ ကိုးခုတွင် လက်ထောက်များအဖြစ် ပါဝင်ခဲ့သည်ဖြစ်ရာ အကျိုးတရားတို့ ဘေးအန္တရာယ်ရှိချိန်မျိုးတွင် ကုလရှိ ခေါင်းဆောင်မှုအခန်းကဏ္ဍများက တရုတ်အတွက် အသုံးတည့်သော အရာတခုအဖြစ် ပြသကြောင်း The Epoch Times က ဖော်ပြသည်။

တရုတ်အနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအပေါ် ဩဇာလွှမ်းမိုးရန် မည်သို့မည်ပုံ ကြိုးစားသလဲ ဆိုသည်ကို ယခင် ပြီးခဲ့သည့် ဖြစ်စဉ်တချို့က ပြသနေသည်။

၂၀၁၇ ခုနှစ်က ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာဌာန၏ ထိုစဉ်က ဒုလက်ထောက်အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သူ ဝူဟောင်ဘိုသည် လူသိများသော ဝီဂါ တက်ကြွလှုပ်ရှားသူတဦးကို အဆောက်အအုံမှ နှင်ထုတ်ရန် နယူးယော့ခ်ရှိ ကုလဌာနချုပ်ရှိ လုံခြုံရေးအမှုထမ်းများကို ညွှန်ကြားခဲ့သည်။

 ၂၀၁၆ နှစ်ကုန်ပိုင်းကလည်း ကုလ၏ အရပ်ဖက်လေကြောင်းအဖွဲ့ဖြစ်သော နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့ (ICAO) ကို ဦးဆောင်သော တရုတ်အရာရှိတဦးသည် တရုတ်အစိုးရဟက်ကာများနှင့် ဆက်နွယ်ပတ်သက်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုတခုကို ဖုံးဖိထားခဲ့ကြောင်း သိရသည်။

တရုတ်ကိုယ်စားလှယ်များသည် တရုတ်တက်ကြွလှုပ်ရှားသူများကို ကုလပရဝုဏ်များ၌ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရင်း နှောင့်ယှက်ခဲ့သည်ဟု သိရသကဲ့သို့ တရုတ်အစိုးရကို ဝေဖန်သော လူ့အခွင့်အရေးအဖွဲ့များကိုလည်း ကုလ တိုင်ပင်ဆွေးနွေးမှု အခြေအနေ မရစေရေး ပိတ်ပင်ရန် ကြိုးပမ်းခဲ့သည်။

၂၀၁၉ ခုနှစ်ကလည်း တရုတ်ကိုယ်စားလှယ်တဦးသည် ဒီမိုကရေစီ လိုလားသော ဟောင်ကောင်အဆိုတော် ဒန်းနစ်ဟို၏ သက်သေခံချက်ကို နှစ်ကြိမ် ကြားဖြတ်နှောင့်ယှက်ခဲ့ပြီး ဟို သည် ဟောင်ကောင်၏ လွတ်လပ်ခွင့်များအပေါ် တရုတ်၏ ထိပါးစွက်ဖက်မှုမှ ကာကွယ်ရန် ကုလထံ ပန်ကြားမေတ္တာရပ်ခဲ့သူဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့်သူများကို ရွေးချယ်သည့် ကုလ လူ့အခွင့်အရေးကောင်စီတွင် တရုတ် CCP အစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်သည်ကို မြင်ရသည်က မိမိအတွက် အထူးပင် စိတ်ပျက်စရာဖြစ်ရကြောင်း အမေရိကန်လွှတ်တော်ကော်မရှင် ဥက္ကဋ္ဌ ခရစ် စမစ်သ်က ပြောကြောင်းနှင့် ယုတ်စွအဆုံး တရုတ်သည် မြေပြင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးရေး နိုင်ငံတကာ ပန်ကြားချက်များကို အမြဲပိတ်ပင်နေသည်ဟု The Epoch Times သတင်းတွင် ဖော်ပြသည်။